Friday, June 19, 2009

ဘ၀ အပိုင်းအစလေးများ(၂)

“ဂျစ်” ကျောင်းတက်လို့ (၆)လလောက် အကြာလောက်မှာ တရုတ်လို ကောင်းကောင်း ရလာတယ် ။ အတန်းထဲမှာ သူငယ်ချင်းများလာတယ်....။ ဂျစ် ပြောတဲ့စကားကို နားလည်လား ၊ မလည်လားတော့ မသိဘူး ....ဂျစ်တူး စကားပြောရင် နားထောင်လို့ ကောင်းလို့ဆိုပြီး ဂျစ် အနားကို ရောက်ရောက် လာကြတာတော့ မှတ်မိတယ်........။

တစ်ရက်မှာ ဆရာမက တတန်းလုံးကို “ငယ်စဉ်ဘ၀” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးခိုင်းလိုက်တယ်.....စာစီစာကုံး တင်ရမယ့်ရက်ကတော့ ဆရာမ ပြောပြီး နောက်(၃)ရက် အကြာမှပါ....။ အားလုံးက ငယ်ဘ၀ အကြောင်းဆွေးနွေး ဖြစ်ကြတယ်..။ ဂျစ်တို့ တတန်းလုံးကို ဆရာမက “စာစီစာကုံး အရေးအသားကို အမှတ်(၅၀)ပေးမယ် ၊ဲ့ဒီရေးထားတဲ့ စာစီစာကုံးထဲက အကြောင်းအရာကို ရုပ်လုံးပေါ်အောင် အတန်းရှေ့ထွက်ပြီး အားလုံးကို ပြောပြရမယ်....အဲ့ဒီအတွက် အမှတ်(၅၀)သတ်မှတ်မယ်” ...လို့ပြောခဲ့တာပဲ ။

ဂျစ် တစ်ယောက်တော့ ခေါင်းကိုက်နေပြီ....ဘယ်လိုစရေး ရမယ်မသိဘူးလေ.....၊
အဲဒီနေ့က ထမင်းဝိုင်းမှာ ထမင်းကြာကြာ ထိုင်မစား ဖြစ်ဘူး...မေမေကတော့ ဂျစ်
နေမကောင်းဘူး ထင်လို့ “စောစောအိပ်ရာဝင်”လို့ ပြောတာ ကြားလိုက်သလို ပါပဲ။

အမှန်က ဂျစ်တူး ရေးမယ့် စာစီစာကုံး စာသားတွေကို ခေါင်းထဲမှာ စာစီနေခဲ့တာဗျ......။
ညအိပ်ရာဝင်တော့လည်း အတွေးတွေထဲမှာ ဒီအကြောင်းပဲ တွေးနေလို့ အိပ်လို့ မပျော်ခဲ့ပါဘူး.....စာစီစာကုံးကို တရုတ်လို ရေးရမှာဆိုတော့ စိတ်တော်တော် ညစ်မိတာတော့ အမှန်ပါပဲ.....။
ရေးတာရေးရမှာ တလွဲဖြစ်ဘို့ ရာခိုင်နှုန်း များနေတော့ စိတ်ထဲမှာ ပူပန်မှုတွေ ဖြစ်နေရတယ် ....

ဒါပေမဲ့ နောက်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ တတ်သလောက် မှတ်သလောက် ဂျစ် ရေးတော့တာပဲ....။ ဘယ်ရမလဲ ဂျစ်ရေးတာ စာမျက်နှာ တစ်မျက်နှာလောက် ရတယ်ဗျ.....၊ စာအုပ်ထပ်ရမဲ့ ရောက်တော့ ဆရာမ စားပွဲပေါ် စာအုပ်တွေ သွားထပ်ကြတာပေါ့........ကျောင်းသား/သူအားလုံး စာအုပ်တွေ ထပ်လို့လဲပြီးရော ဆရာမက..“ နေ့လည်ထမင်းစားချိန် ပြီးလို့ ကျောင်းတက်တာနဲ့ .... ခုံအမှတ် အလိုက် အတန်းရှေ့မှာ ထွက်ပြောရမယ်” လို့ ပြောတယ်....၊ ဂျစ်တူး ခုံအမှတ်က(၄၅)လေ.....ဒီတော့ ....သေချာတာ ဂျစ် ဒီနေ့ ရှေ့ထွက်ပြောဘို့ အလှည့် မရောက်နိုင်ဘူး ဆိုတာပါပဲ ။ တော်တော်တော့ ပျော်သွားတယ် ....ဗျာ..။ဘာလို့လဲဆိုတော့ မနက်ဖြန် အတန်းရှေ့ ထွက်ပြောတဲ့အခါ သူများနားလည်အောင်
တရုတ်လို လေ့ကျင့်ချိန် ပိုရလို့ပါ ။

ခုံအမှတ်စဉ်အတိုင်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပြောကြတာပေါ့....ပြောသွားတဲ့ အကြောင်း အရာတွေ အများစုက ဂျစ် မှတ်မိသလောက် ...သူတို့ငယ်ငယ်က ဘယ်နိုင်ငံ သွားလည်ဘူးတယ်.....၊ အဖေ၊အမေတွေက နှစ်စဉ်နှစ်တိုင်း တန်ဘိုးရှိတဲ့ မွေးနေ့လက်ဆောင် ပေးတတ်တယ်......၊ ငယ်ငယ်ထဲက အင်္ဂလိပ်စကားပြော ကောင်းအောင် စကားပြော သင်တန်းထားပေးတယ်....လို့ စသဖြင့် နားထဲမှာ တကယ်ချိုမြိန်တယ်ဗျာ.....။ တကယ်လဲ အားကျစရာတွေ အများကြီးပါ...။

ဂျစ် အတန်းရှေ့ ထွက်ပြောရမဲ့ အလှည့်ရောက် လာတော့...ဂျစ် ကြောက်ကြောက်နဲ့ ရှေ့ထွက်သွား တာပေါ့.....လက်တွေ ၊ခြေတွေ အေးစက်နေပြီ ။ ဂျစ်က စစချင်း အတန်းထဲက ဆရာမ အပါမ၀င် အတန်းဖော်တွေ အားလုံးကို တောင်းပန်စကား စပြောမိတယ်...“.ဂျစ် ပြောတာ နားမလည်ရင် မရယ်ကြပါနဲ့ ....စကားလုံးသုံးနှုန်းတာ မှားခဲ့ရင် ပြောပါ”လို့....။ အတန်းတစ်ခုလုံး ငြိမ်သက်သွား တယ်ဗျာ...ဂျစ်လဲ ငြိမ်နေကြတော့ စကားပြောမဲ့ဟာက မပြောရဲဘူးပေါ့....အဲ့ဒီတော့မှ ဆရာမက မကြောက်ဘို့ ပြောတယ်....ဒါနဲ့ ဂျစ်လည်း လေ့ကျင့်ထားတာ စပြောတော့တာပေါ့ ...။

“ဂျစ်ငယ်ငယ်က ဆင်းရဲလို့ သူများအိမ်မှာ ကပ်နေရာတာပါ....မိဘက အဆင်မပြေတော့ အကျီ င်္အသစ်ဆိုတာ မ၀တ်ရဘူး....မမ ၀တ်ပြီးအကျမှ ၀တ်ရတဲ့အကြောင်း...ဒါပေမဲ့ စာတော်ကြောင်း ကြွားလိုက်သေးတယ်....ဆုတွေနှစ်တိုင်း ရခဲ့တယ်ပေါ့.....ငယ်ငယ်က အလိုချင်ဆုံးက ဂျစ်တို့မိသားစု ကိုယ်ပိုင်အိမ်လေး တစ်လုံးလိုချင်တာပါလို့..........၊ အကြိုက်ဆုံး တစ်ခုက မေမေခွန့်ကျွေးဘူးတဲ့ ထမင်းပါ....” စသဖြင့် ဂျစ်တူး ငိုသံပါပါနဲ့ ပြောလိုက်တာတွေက အများကြီးပေါ့...သူတို့တွေ နားလည်တယ် ၊မလည်တယ်တော့ ဂျစ်မသိဘူး အတန်းသားတွေ မျက်နှာ မကောင်းသူကမကောင်း ၊ မျက်ရည်ဝဲသူက ၀ဲနေကြတာ တွေ့လိုက်ရတယ်....ပြီးမှ တတန်းလုံး ဂျစ်ကို လက်ခုပ်တီး အားပေးခဲ့ကြတယ်...။

အမှန်တော့ ဂျစ်ငိုသံ ပါသွားတာက အကြောင်းရှိတယ်ဗျ....ဂျစ် ငယ်ဘ၀က ဆင်းရဲလို့လဲ မဟုတ်ဘူး...မပြောတတ်တဲ့ စကားကို အတင်းကျက်မှတ်ပြီး မနည်းအားတင်း ပြောနေရတယ်လေ.. ပြောရင်းနဲ့ မေ့သွားတာတွေလည်း ရှိတော့ ငိုချင်လာတယ်....ဒါကြောင့် ငိုသံပါသွားရတာပါ.....။ အဲဒီကစပြီး ဂျစ်ကို အတန်းသားတွေအားလုံး ခင်ကြတော့ တာပဲ....။


ဒီပို့စ်လေးက ဂျစ် (၁၃)နှစ် အရွယ် ထိုင်ဝမ်မှာ ကျောင်းတက်တုန်းက တကယ်ကြုံခဲ့ရတဲ့ အကြောင်းလေးပါ.....မောင်နှမအားလုံးကို ဝေမျှလိုက်ပါတယ်.............။


ချစ်ခင်လေးစားစွာဖြင့်
ဂျစ်



ဆက်ရန်ရှိပါသေးသည်......................................................................................

6 comments:

စိတ်စမ်းရေ said...

ဟား ဟား တော်ပါပေတယ် ဂျစ်ရယ်.....။

မိုးစက်အိမ် said...

အော်အကောင်မှတ်လို.ဂျစ်က ဂျစ်တူးဘဲ
ငယ်ဘ၀ကိုကြေကွဲစရာပါလားတွေးတုန်းရှိသေး
သူက အကယ်ဒမီ ရှော.တွေလုပ်သွားတာကိုး
မင်းသမီး လုပ်စား၇မှာ ဟီးးးးးးးးးးးးးးးးးး

Sein Lyan Tun said...

ဂျစ်လေးရဲ့ ဘဝအပိုင်းအစလေးကိုလာခံစားတယ်
း)
ချစ်ခင်စွာဖြင့်
ဖိုးစိန်

မြစ်ကျိုးအင်း said...

ဂျစ်ဆိုတဲ့အတိုင်းငယ်ငယ်ထဲက ကို့လို့ကန့်လန့်နဲ့....။
သူများတွေက ဇာတ်နာတယ်ထင်ပြီး သနားနေကြတာ
သူက စာမရလို့မျက်ရည်ဝဲတာကိုး...။

Anonymous said...

နားထောင်တဲ့သူတဲ့ မသိ ဖတ်ရတဲ့ သူတော့ စကားပြောနေတဲ့ ဂျစ်ကိုမြင်ယောင်ပြီး စိတ်မကောင်းဖြစ်မိတယ် ... ကြိုးစားလှမ်းတက်ရဲတဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးမိတယ် ...
နေဒေးသစ်။

P.Ti said...

စိတ်ဝင်စားစရာလေးပဲ... ဆက်ရေးပါဦး။