Friday, June 5, 2009

နောက်ဆုံး ညနေခင်း

(မောင်နဲ့ကျမ ခွဲခဲ့ရသော “နောက်ဆုံးညနေခင်း”သို့ ရည်ရွယ်ပါသည်။)

အေးစက်နေတဲ့ နှုတ်ဖျားက
နှုတ်ဆက်စကား.........
ဘယ်သူစလို့ ပြောမှာလဲ ။
ပြောမထွက်သလို
မကြားရက်တာလည်း.....ပါမှာပေါ့ ။

ဒီလိုနဲ့
တစ်ယောက်နဲ့ တစ်ယောက်
နောက်ကမ္ဘာသစ်ဆီ ခေါ်ဆောင်ဖြစ်ကြ
တစက္ကန့်....နှစ်စက္ကန့်......
စက္ကန့်များစွာ...............
ဒီအနမ်းဟာလည်း ကျန်ရစ်ခဲ့သူအတွက်
ပြန်မဖြစ်တဲ့.....အတိတ်ကို
ရင်ဆိုင်ရဲဖို့ နှစ်သိမ့်တာလည်း
ဖြစ်နိုင်ပါတယ်.........။

နေ့ပေါင်းများစွာ ....ညပေါင်းများစွာ
ဒီအနမ်းတွေကို
လွမ်းနေမှာပါ
တမ်း...တ....ရင်း...နဲ့ပေါ့။

ခန္ဓာကိုယ်ချင်းပွေ့ဖက်
လွင့်ထွက်မှာစိုးတဲ့ တို့နှစ်ယောက်ဟာ
မကြာခင်မှာ ဝေးရတော့မှာ
ကြိုသိနေတာတော့
ကြေကွဲဖို့.....ကောင်းလှတယ် ။
မငိုပါနဲ့ ချစ်သူရယ်
မျက်ရည်တွေထက် လေးနက်တဲ့စကား
မင်းနှုတ်ဖျားက .......ပြောလိုက်စမ်းပါ။
ဒီအချိန်မှာတော့ မင်းကိုလည်းငါ
မနှစ်သိမ့်နိုင်ရှာဘူး...
ငါ့ကိုယ်တိုင်တောင်
ပါးနှစ်ဘက်ပေါ်မှာ မျက်ရည်စတွေနဲ့လေ
နေပါဦး......ဂျစ်ရယ်
မင်းကကြာမှာမို့လို့......မှာနေတာလား?
ဘာပဲဖြစ်ဖြစ် နင်မှာသမျှကို
လိုက်နာပါ့မယ် ....။
ဒါပေမဲ့လည်း
မလွမ်းရစ်ဖို့တော့ မတားမြစ်ပါနဲ့
တကယ်တမ်းပြောရင်
ရင်ပွင့်မတတ် ချစ်ခဲ့မိလို့
ရင်နစ်အောင်တော့.....လွမ်းနေမှာပါ ။
အချစ်စစ်မှတော့
မလွမ်းဖြစ်တဲ့သူ ရှိနိုင်ပါ့မလား
နင်ယုံသင့်တယ် ချစ်သူရယ်
ထားရစ်ခဲံရသူအတွက်
ညပေါင်းများစွာ.......လပေါင်းများစွာ
ယုံကြည်နေမယ့်
စကားတခွန်းကို ..... မြန်မြန်ပြောပါ ။
“မကြာခင်ပြန်လာမယ်”
ဆိုတာပဲဖြစ်ဖြစ် ဒါမှမဟုတ်......
“အမြဲတမ်းသစ္စာရှိနေပါ့မယ်”ဆိုတာမျိုးပေါ့ ။
တို့နှစ်ယောက်ကို ဝေးကွာစေမယ့်
အချိန်တွေကတော့ ကဝေတကောင်လို
နီးကပ်လာပြီ.......။
ငါတို့နှစ်ယောက်
လက်တွဲဖြုတ်ပြီး နှုတ်ဆက်ရမယ့်
ညနေခင်းကို
သေမင်းထက်တောင်......ငါကြောက်မိတယ် ။
ဒီလို.....နောက်ဆုံးချိန်မှာ
ငါဘာလုပ်ရမလဲ
အေးစက်တဲ့လမ်းခွဲမှာ
နှုတ်ဆက်အနမ်းတွေ......ချွေရမှာလား?
မှာတမ်းတွေပဲ......ဝေရမှာလား ?
ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့
ငါကြောက်ရွံ့တဲ့ အချိန်ဓါးက
ငါတို့အနားကို .....ရောက်လာခဲ့ပြီ ။
“သွား...တော့...မယ်..”တဲ့
ဒါဟာ...နှုတ်ဆက်တာလား ?
ခဏလေး .... ချစ်သူရယ်
ကိုယ်တခုလောက် ပြောလိုက်ပါရစေ ။
“ကိုယ်....မင်းကို......သိပ်ချစ်တယ်”
ပြီးတော့............................
“အမြဲတမ်းလည်း လွမ်းနေမှာပါ
ရူးသွပ်ရင်းနဲ့ပေါ့........”။
**၁၈.၆.၂၀၀၀ မနက် ၁၀း၄၅ ရေးစပ်ခဲ့သည်။**
“ (၇)ရက် (၈)လ (၁၉၉၉) ချစ်သူနှင့် ခွဲခွာခဲ့ရသော ညနေခင်းသို့ အမှတ်တရ ”
နေ့စွဲတွေကို ဘာအတွက်ထည့်ပြောရလဲ ဆိုရင် ကိုယ်ဟာချစ်သူနဲ့ပက်သက်လာရင်
စနစ်တကျ မှတ်ထားလေ့ရှိတယ်....စာလာတဲ့နေ့တွေ ဖုန်းလာတဲ့နေ့တွေ ....နာရီတွေ
..ပစ္စည်းပို့တဲ့နေ့တွေ ...ပို့တဲ့စာရင်းတွေအားလုံးကို စနစ်တကျ လုပ်ခဲ့တယ် ။
အချစ်ကလွဲရင် ကျန်တာတွေ စနစ်တကျနဲ့ပါပဲ ။
ဒီ“နောက်ဆုံးညနေခင်း ”ကဗျာလေးကို ပြန်ဖတ်လိုက်တိုင်း ဗွီဒီယိုဇာတ်လမ်းလေး
တခုကို နောက်ပြန်ရစ်ကြည့် ရသလိုပါပဲ .....အရာရာဟာ အစီအစဉ်တကျ ပီပီပြင်ပြင်
ပေါ်လာခဲ့တယ်....။ကိုယ်ကတော့ ဒီကဗျာကို အကြိုက်ဆုံးပဲ...သိပ်လွမ်းနေချိန်မှာများ
ဒီကဗျာလေးကို ဖတ်လိုက်ရင် မျက်ရည်တောင်ကျခဲ့ဘူးတယ်.....ချစ်သူရယ် ..။
***မောင် ဒီကဗျာလေးကလည်း ဂျစ်တူးသိပ်ကြိုက်တဲ့ ကဗျာထဲမှာပါပါတယ် ...
သူများတွေလိုတော့ စာအရေးမကောင်းပါဘူး....ချွဲချွဲနွဲ့နွဲ့လည်း မပြောတတ်ခဲ့တဲ့
ဂျစ်အတွက် မောင်ခွင့်လွှတ်ပေးစေချင်တယ် ....စာဖတ်တာနည်းလို့ စကားပြောရတာ
လက်ပေါက်ကပ်တယ်လို့ မပြောပါနဲ့တော့နော်.... စာတွေဖတ်ဖြစ်အောင်
ကြိုးစားဖတ်နေပါတယ် ....။ မောင်ပေးခဲ့တဲ့ စာတွေ ကဗျာတွေကို ဘယ်အချိန်ထုတ်ဖတ်
ထုတ်ဖတ် ရင်ထဲမှာ မောင့်ကိုသိပ်ချစ်တယ် ဆိုတဲ့ အဖြေပဲထွက်နေတုန်းပါပဲ....မောင်။
ဂျစ်ဘယ်လောက် ချစ်တယ်ဆိုတာ မောင်မသိခဲ့တာ နှမျောဖို့တော်တော်ကောင်းတယ်...
မောင်ကစကားနာ ထိုးပြီး ပြောတတ်တဲ့စကားဟာ ဂျစ်ဘယ်လောက်ခံစားရမယ် ဆိုတာ
မောင်မသိဘူးနော်...“ငါလဲ ငါ့ကိုချစ်တဲ့သူကိုရှာချင်တယ် ”ဆိုတာမျိုးပေါ့...။
မောင်သိအောင် ပြောရရင် ဘ၀မှာ တွေ့ဖူးသမျှ ဘယ်ယောကျာင်္းမှ ဂျစ်ချစ်လောက်တဲ့
ယောကျာင်္းမရှိခဲ့ဘူး...မောင်ဟာဂျစ်ရဲ့အချစ်ဆုံးနဲ့.....ငယ်ချစ်ဦး ဆိုတာ ဘယ်သူငြင်းနိုင်
မှာလဲ...ဟင်....။ ( ဂျစ်ဘေးမှာမရှိတော့တဲ့ ချစ်သူ “မောင်”အတွက် ရည်ရွယ်ပါသည်...။)
**ဂျစ်တူး ဘလော့လေးကို လာလည်သော ချစ်သူငယ်ချင်းများ ...
ဂျစ်တူးက စာဖတ်အားသိပ်မကောင်းတော့ စာလုံးပေါင်းမှားယွင်းသည်ဖြစ်စေ...
စာတွေဖတ်ရတာ မချောမွေ့ဘူးဖြစ်ခဲ့ပါက သည်းခံပြီးဖတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ..။**
ချစ်ခင်စွာဖြင့်
ဂျစ်တူးလေး


















































5 comments:

နွေးနွေးသဲမွန် said...

အေးစက်နေတဲ့ နှုတ်ဖျားက
နှုတ်ဆက်စကား.........
ဘယ်သူစလို့ ပြောမှာလဲ ။
ပြောမထွက်သလို
မကြားရက်တာလည်း.....ပါမှာပေါ့ ။

ဒီလိုနဲ့
တစ်ယောက်နဲ့ တစ်ယောက်
နောက်ကမ္ဘာသစ်ဆီ ခေါ်ဆောင်ဖြစ်ကြ
တစက္ကန့်....နှစ်စက္ကန့်......
စက္ကန့်များစွာ...............
ဒီအနမ်းဟာလည်း ကျန်ရစ်ခဲ့သူအတွက်
ပြန်မဖြစ်တဲ့.....အတိတ်ကို
ရင်ဆိုင်ရဲဖို့ နှစ်သိမ့်တာလည်း
ဇြစ်နိုင်ပါတယ်.........။<--- ကောင်းတယ်...စာသားတွေ

ချစ်တဲ့မောင် said...

အတိတ်နေ့တွေကို ပြန်မြင်ယောင်မိတယ် ..
နောက်တကြိမ် နောက်ဆုံးညနေခင်းကို ထပ်ရေးရအုံးမှာလား ချစ်သူရယ်

ရဲဝင့်သူ said...

အားပါးပါး။စာအရေးမကောင်းဘူးဆိုတာတောင် တော်တော်ထိတယ်ဗျာ။မိုက်တယ်ဗျိုး အားပေးတယ်။ ရိုးရိုးလေးနဲ့ခပ်ပါးပါးလေးပြသွားတာ ကောင်းလိုက်တာ။

ဝေကြီး said...

ဟဲ့...ဂျစ်တူး
နင်ကတော့ငယ်ငယ်ကအတိုင်း ဂျစ်တုန်းပဲ..
သူမချစ်လည်း ငါ နင့်ကိုချစ်တုန်းပါပဲဟာ.
သိပ်ခံစားပြမနေနဲ့ အုံး...ငါမနာလိုဖြစ်တယ်
ဟဲဟဲ...........အားပေးနေတယ်.။
ငယ်သူငယ်ချင်း
ဝေကြီး

ခမ်းကီး said...

လာရောက် ခံစားသွားပါတယ်။
နောက်လည်း လာ၍ အားပေးပါဦးမည်။