Thursday, August 20, 2009

အထိမ်းအမှတ်နေ့


ဒီနေ့ကိုပေါ့
ငါမျှော်လင့်နေခဲ့တာ
စောင့်စားပြီး ရင်ခုန်ခဲ့ရတာ
အဲ့ဒီနေ့ရောက်ရင်
တို့နှစ်ယောက် ကြင်နာမှုတွေ
(သာမန်ထက်) အပြန်အလှန်
ပေးဖြစ်ကြတယ် ။


လတစ်လရဲ့ နှစ်ဆယ်ရက်နေ့ကို
(တကယ်)တသက်မမေ့ဘူးဆို
မင်းလည်းလက်ခံမှာပါ ။


ဒီအချိန်တစ်ခေါက်
ပြန်ရောက်တိုင်းလည်း
ပိုမိုမြတ်နိုး
အကြင်နာတိုးလို့
အစဉ်ကြိုလေ့
အထိမ်းအမှတ်နေ့ ။


ချစ်သူ“မောင် ”ရဲ့ ချစ်သူ့သက်တမ်း(၂)နှစ်ပြည့် အထိမ်းအမှတ်အတွက်
ပို့ပေးခဲ့ဘူးသော ကဗျာလေးပါ ။
ဒီနေ့ဆို ချစ်သူသက်တမ်း(၁၁)နှစ်ပြည့်ပေါ့နော်.......၊ အရာရာဟာ
ပြောင်းလဲသွားပေမဲ့ မောင့်အပေါ်ထားတဲ့ စေတနာတွေ ၊ချစ်ခြင်းတရားတွေ
ကတော့ အမြဲရှင်သန်နေတုန်းပါပဲ ။ မျက်ဝန်းထဲက ရင်ခုန်မြတ်နိုးခြင်းတွေ
မောင်သိမြင်နိုင်ပါစေ ........။




Monday, August 17, 2009

လွမ်းလို့ သေသွားတဲ့ လိပ်ပြာ


သတိရတယ်
တချိန်ကဘဝ
အတူရှိစဉ်က
ညဟာလှပ
အေးမြခဲ့တယ်....ချစ်သူရယ် ။

မင်းရဲ့မျက်ဝန်းတညို့မှာ
ငါ့ရင်ခွင်တစ်ခုလုံး
မိုးခေါ်ဗုံးတလုံး
ဖြစ်ခဲ့ဘူးတယ်။

ခုတော့လည်း.......ငါ
လွမ်းလို့သေသွားတဲ့ လိပ်ပြာတစ်ကောင်လို
အရာရာမှာ
အေးခဲစွာနဲ့
ငြိမ်...သက်....ခဲ့.....ပေါ့ ။



ချစ်သူ“မောင်”ရေးဖွဲ့သည် ။

Friday, August 7, 2009

သို့........





ဂျစ်ငယ်ငယ်ထဲက လေးစားခဲ့တဲ့သူတစ်ယောက် ရှိပါတယ် ။
အဲ့ဒါကတော့ ကျေးဇူးရှင် ဖေဖေပါ ။ ဖေဖေက ပညာတတ်ကြီးဖြစ်လို့ ဖေဖေကို
လေးစားတတ်ခဲ့တဲ့ ပုံစံမျိုး မဟုတ်ခဲ့ပါဘူး ။ ဖေဖေက မိသားစုအပေါ် အမြဲအနွံတာ
ခံခဲ့တယ် ၊လိုချင်တာတွေကို ပြည့်စုံအောင် ပေးခဲ့တယ် ။မပြေလည်ခဲ့တဲ့ ဘ၀လေးကို
ရုံးကန်ပြီး တနေ့ထက် တနေ့ ပိုပြီးပြေလည်အောင် ၊ထိပ်ဆုံးရောက်အောင် ကြိုးစားခဲ့တဲ့
စိတ်ဓါတ်ရှိသူ ဖေဖေပါ ။


ဂျစ် (၁၀)တန်းအောင်တဲ့ အထိဖေဖေရဲ့ စေတနာတွေကို မသိခဲ့ပါဘူး ။
ဂျစ်နဲ့ဖေဖေက အိမ်မှာဆိုရင် သိပ်မတည့်ပါဘူး။ ဘာလို့လဲဆိုတော့ ဖေဖေက
ဂျစ်တူးကို အရမ်းနှိပ်ကွတ်လို့ပါ ။ တစ်ခါမှ ငါ့သမီးသိပ်တော်တာပဲလို့ မချီးကျူး
ခဲ့ပါဘူး ။ “သမီးလေးကလည်း လိုနေသေးတာပဲ ၊ သူများတွေတောင် ဒီထက်
အများကြီး သာတယ်နော် ”လို့ ခဏခဏ ပြောလေ့ရှိလို့ ဖေဖေ့ကို မချစ်ချင်
တော့ဘူး ။ စကားပြောရင် ကောင်းတာတစ်ခုမှ မပြောလို့ နောက်ပိုင်း ဖေဖေနဲ့
မဆွေးနွေးဖြစ်ဘူးလေ။


ဂျစ်တူး ထိုင်ဝမ်ရောက်တော့မှ ဖေဖေနဲ့အရင်က ဆွေးနွေးခဲ့တဲ့ အဖြစ်တွေက
အရမ်းမှန်တယ်ဆိုတာ သိလာရတယ် ။“ လူတွေက တစ်ခုလိုချင်လို့ တစ်ခုကို
ပေးဆပ်တာပါတဲ့ ”ဒီစကားလေးက ရိုးရိုးလေးပါ ။ သူများတွေ အတွက်မှန်တယ်
မမှန်ဘူး ဂျစ်တူးမသိပါဘူး ။ ဂျစ်တူး ဒီနိုင်ငံမှာတော့ လူတွေက တစ်ခုလိုချင်လို့
တစ်ခုကိုပေးဆပ် နေတဲ့သူတွေ တော်တော်များများတွေ့ နေရတယ်ဗျ ။


ဟိုးအရင်က ဖေဖေ ဂျစ်တူးကို ဘာလို့နှိပ်ကွတ် ခဲ့လဲလို့ မေးမိတယ်။ ဖေဖေကပြော
တယ် “လူဆိုတာ အမြင့်ရောက်သွားရင် လက်ရှိကြိုးစား ချင်တဲ့ စိတ်တွေပျောက်
ကွယ် သွားတတ်တယ်တဲ့ ”လေ။ မှန်ပါတယ် ဂျစ်ကို တစ်ခါမှ မြှောက်ပင့်မပြောခဲ့ဘူး။
သမီးထပ်ကြိုးစားပါအုံးကွာလို့ပဲ ဖေဖေ ပြောလေ့ရှိတယ် ။ ကျောင်းမှာပထမဆု ရခဲ့ရင်တောင်
“သမီးရယ် ဒီကျောင်းမှာမို့ ပထမရတာ ဒီပြင့်ကျောင်းမှာဆိုရင် ဒုတိယ ၊ တတိယ
ဖြစ်ချင်ဖြစ်နေမှာ ငါ့သမီးရ ”။အဲ့လိုတွေ ဖေဖေ ပြောခဲ့လို့လားတော့ မသိဘူး ဂျစ်တူး
အမြဲကြိုးစားချင်စိတ် မပျောက်ခဲ့ဘူး ။



ဖေဖေက သူ့စကားကို နားထောင်မှ ကြိုက်တယ် ။ ဂျစ်က ဂျစ်ကန်ကန် နေတတ်တော့
သိပ်အစေးမကပ်ဘူးပေါ့ဗျာ ။ ဖေဖေ့ကိုတော့ အားလည်းကျမိတယ် ၊ ချစ်လည်း သိပ်ချစ်
တယ် ၊ တစ်ခါမှတော့ ဖေဖေ့ကို သမီးသိပ်ချစ်တာပဲလို့ မပြောမိခဲ့ဘူး ။ အဝေးရောက်မှ
ဖေဖေ သင်ပေးခဲ့တဲ့ လူတွေရဲ့စိတ်နေစိတ်ထားတွေ မြင်လာတယ် ။ ဖေဖေက ဂျစ်တူး
အဝေးရောက်မှ အမြဲအားပေးစကားပြော တတ်လာတယ် ။ “ငါ့သမီးလေး ကိုယ့်ကိုယ်ကို
အထင်ဘယ်တော့မှ မကြီးလိုက်ပါနဲ့ ...သမီးက ထက်ထက်မြက်မြက် ရှိပါတယ် ၊ လူတွေက
စိတ်မမှန်ကြတော့ သမီးနာကျင်မှာ ဆိုးရတယ် ။ဒါကြောင့် ဘယ်သူ့ကိုမဆို အပေါ်ယံ
ကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ၊ လောကကြီးမှာ သမီးထက် တော်တဲ့တတ်တဲ့ သူတွေရှိတာ
မမေ့ထားရင် ဖေဖေ့သမီးလေး အမြဲအောင်မြင်မှုရမှာ သေချာတယ်တဲ့ ”။



ဖေဖေက အလုပ်မျိုးစုံ လုပ်ပြီး ဂျစ်တူးတို့တွေကို ကျွေးမွေးစောင့်ရှောက်ခဲ့သူပါ ။
ဖေဖေ့စကားကို နားမထောင်တဲ့ သမီးတစ်ယောက်မှ မရှိခဲ့ပါဘူး ။ ဖေဖေက ခုချိန်ထိ
သမီးတွေ တစ်ခုခုဖြစ်ချင်ရင် ချက်ချင်းထပြီး လုပ်ပေးတာပါ ။ ငယ်ငယ်က ကျောင်းမှာ
အဆင့်ကျလို့ မေမေဆူလို့ ငိုခဲ့ရင်တောင် ဖေဖေက သမီးဖေဖေကိုကြည့်စမ်း
ဖေဖေကပြမယ် ဆိုပြီး “ဦးရွှေရိုး”အက ထကပြတာ ။အဲ့ဒီတော့လဲ မရယ်ပဲနေပါ့
မလား။ စိတ်ညစ်တာတွေ ပြေရော။


ဖေဖေရေ သမီး ဒိမ်ချဉ် သောက်ချင်တာလို့ ပြောလိုက်ရင် ချက်ချင်း သွားဝယ်ပေးခဲ့တယ်။
ဂျစ်မှတ်မိသလောက် (၉)နှစ်အရွယ်က ဖေဖေ့ကိုပြောဘူးတယ် ။ဖေဖေကိုယ်တိုင် မောင်းတဲ့
ကားလေးနဲ့ ကျောင်းလိုက်ပို့တဲ့ ဘ၀မျိုးရချင်တယ်လို့ စိတ်ကူးယဉ်ပြီး ပြောဘူးခဲ့တယ် ။
ဖေဖေက သမီး(၃)ယောက်လုံးကို ဖေဖေကိုတိုင် ကားမောင်းပြီး ကျောင်းလိုက်ပို့နိုင်အောင်
ကြိုးစားရမယ်ဟေ့လို့ ပြောခဲ့တယ်။



နောက်နေ့တော့ ဂျစ်တူးစိတ်ကျေနပ်အောင် အဘွားအိမ်က လိုင်းကားကြီး ခဏငှါးပြီး
“သမီးကားပေါ်တက် ဖေဖေကိုယ်တိုင် ကားမောင်းပို့မယ် ”ဆိုပြီး ကျောင်းပို့ခဲ့တယ် ။
ကျောင်းရောက်တော့ ဖေဖေက “သမီးလေး ဒါက အစမ်းကျင့်တာနော် ၊ ဖေဖေကားဝယ်
ဘို့ ကြိုးစားနေပါတယ်”လို့ ဂျစ်ကို မျက်စိတစ်ဖက် မှိတ်ပြတယ် ။ ဒါပေမဲ့ ဂျစ်အဲ့ဒီနေ့က
သိပ်ပျော်တာပဲ ၊ တို့ဖေဖေ ကျောင်းကို ကားနဲ့လိုက်ပို့တယ်လို့ပေါ့ ။


ဂျစ်(၁၁)နှစ်သမီးအရွယ်မှာ ဖေဖေရောမေမေ နှစ်ယောက်လုံး နိုင်ငံခြားမှာ ပိုက်ဆံရှာကြတယ် ။
ဂျစ်(၁၅)နှစ်မှာ ဖေဖေကိုယ်ပိုင်ကား ၀ယ်ခဲ့တယ်။ ဂျစ်တို့ကို နေ့တိုင်းကျောင်းကြို၊ကျောင်းပို့
ဖေဖေ အလုပ်ရသွားတယ် ။ ဖေဖေ ဂျစ်တို့ကို ချစ်တာကတော့ ဘေးကလူတွေ အမြင်ကပ်
လောက်တယ် ။ ဖေဖေက သမီးတွေအတွက်ဆို လိုအပ်ရင် အသက်တောင် ပေးရဲတယ်လို့
မေမေကို ခဏခဏ ပြောဘူးတယ်။ ဖေဖေကို လေးစားမိတာက မိသားစုရဲ့လိုအင်တွေကို
အချိန်မရွေး ပေးဆပ်ခဲ့တာပါပဲ ။


ဂျစ်တူးတို့ နှစ်ပတ်လောက် ဖုန်းမဆက်သွားရင် ဖေဖေ နေလို့ထိုင်လို့ မရဘူးလို့ မေမေ
အမြဲပြောတယ် ။ ဖုန်းကိုလဲ တကြည့်ကြည့်နဲ့တဲ့ ။ ဂျစ်တို့ တော်တော်ကြာမှ ဖုန်းဆက်သွားရင်
အရင်စပြောတာကတော့ သမီးတွေက နေနိုင်တယ် ၊ ဖေဖေ့ကို သတိမရကြဘူးပေါ့ ဆိုပြီး
ငိုသံပါနဲ့ ပြောတတ်တယ် ။ ဖေဖေက ပြောတတ်တာကတော့ ပြန်လာတော့ သမီးတို့ရာ ၊
ငွေတွေလည်း မရှာကြပါနဲ့တော့ ၊ ဖေဖေ သမီးလေးတွေကို လွမ်းလှတယ်လို့ ပြောတတ်တာ
ပါပဲ ။ ဖေဖေ့ အပြောက ဘေးကသူတွေ ကြည့်ရင် အဖြစ်သည်းတယ်ပေါ့ဗျာ။ ဖေဖေက
ဂျစ်တို့ငယ်ငယ် မေမေနိုင်ငံခြားစထွက်ချိန်ကစပြီး ဖေဖေပဲ အမေနေရာကို ၀င်ခဲ့ရသူပါ ။



အမှတ်တရ မနက်ဖြန်မှာကျရောက်တဲ့ အဖေများနေ့အတွက် ဒီပို့စ်လေးကို ရေးမိပါတယ် ။
ဖေဖေရေ သမီး... ဖေဖေ့ကို သိပ်ချစ်ပါတယ်........ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ ။
ဖေဖေ သမီးဒီပို့စ်လေးကို ဖတ်ရရင် မောခဲ့ရတဲ့ ဘ၀အမောတွေ ပြေပါစေနော် ။
ဖေဖေ့ကြောင့် သမီးတို့ လူတန်းစေ့နေနိုင်ခဲ့ရသလို ၊ ပညာတွေလဲ သင်ယူနိုင်ခဲ့တယ်။
ကျေးဇူးကြီးပါတယ်...ဖေဖေ.....謝謝您 爸爸........ 父親節快樂 !!






Wednesday, August 5, 2009

အသက်တမျှ

လူငယ်ဘ၀ရဲ့ သိတတ်စမှာ
ရင်ခုန်သံဖျော့ဖျော့
ပေါ့ပေါ့ပါးပါး စိတ်ကူးများနဲ့
ဖြူစင်စွာပဲ ပျော်မြူးခဲ့တယ်.....။

ဒီလိုနဲ့
အချစ်ဆိုတဲ့စကားလုံး
စာလုံးပေါင်းတတ်ရုံရှိသေး
ငါ့ဘ၀လေးထဲ မင်းဝင်လာတယ်။

ဖြူစင်ခြင်းဟာပျောက်ဆုံး
ခေါင်းအုံးအောက်က ဒိုင်ယာရီမှာ
သူသာနတ်သမီးဖြစ်ခဲ့တယ်....။

တစ်ရက်ပြီးတော့ နောက်တစ်ရက်
စွဲလမ်းခြင်းတွေပြည့်ကျပ်
အိပ်စက်ခြင်းဟာညဉ့်နက်
အိမ်မက်တွေသာထပ်နေခဲ့ရင်း
နံနက်ခင်းလည်းမင်းပါပဲ ။

ငါ့အတွက်တော့
ကုန်ဆုံးသွားတဲ့နေ့ရက်တိုင်းမှာ
ချစ်တတ်ခြင်းသာရင့်ကျက်
နှုတ်ခမ်းတွေခြောက်ကပ်
ပြောမထွက်ခဲ့ဘူး ......။

ဟိုအဝေးမှာငေး..........ငါဆွေးတတ်သလို
အနားတိုးရင်......ပိုဆိုးပြန်တယ် ။
စိုးရိမ်ရေမှတ်....ဒီရေတက်သလို
ငါ့ရဲ့အချစ်တွေ မရပ်ခဲ့ဘူး။

ဖြစ်နိုင်မယ်ဆို
စွဲလမ်းခြင်းကို တောင်ပံတပ်
အိမ်မက်ကိုဇက်ကြိုးဆွဲပြီး
မင်းနှလုံးသားထဲ ပျံဝဲချင်တယ်။

ဒီအရွယ်ရဲ့ လွယ်အိတ်ထဲမှာ
ကျောင်းစာအုပ်ဟာ ကွက်လပ်
ချစ်တတ်ခြင်းသာ ပြည့်ကျပ်ခဲ့တယ် ။

တိတ်တဆိတ်နဲ့
ချိတ်ပိတ်ခဲ့တဲ့
ရင်ခုန်သံဟာ....သုံးနှစ်ကြာလည်း
လတ်ဆတ်ဆဲပေါ့ ။

တဖက်သတ်စွဲရုံနဲ့တော့
ရက်စွဲတွေသာကုန်သွားလိမ့်မယ်။
ဒီဘုံဘ၀မှာ ဆုံရမှာမဟုတ်ဘူး။
အုံကြွလာတဲ့ စွဲလမ်းခြင်းမှာ
ကိုယ့်ဘာသာ အားတင်းလျှက်
မင်းအနားကိုတိုးကပ်
ချစ်ခဲ့သမျှတွေ ဖွင့်ပြောမိတယ် ။

“မြတ်နိုးပါတယ်”ကိုယ့်စကား
သူ့နား ထဲမှာစွဲနေပါ့မလား။
ရင်ခုန်သံတဆတ်ဆတ်နဲ့
စိုးရိမ်တတ်ခဲ့
နယူတန်ရဲ့(တတိယ)နိယာမ
ငါသတိရတယ်.................။
ငါ့ရဲ့အချစ်စစ်မှန်ခဲ့ရင်
သူ့ထံကပြန် အချစ်မှန်မယ် ။


မြတ်မြတ်နိုးနိုး မျှော်ကိုးနေရင်း
အချစ်ရဲ့ ပျိုးခင်းပွင့်ခဲ့ပြီ ။
ရင်ခုန်သံတွေ ချိုမြ
အိမ်ပြန်လမ်းဟာ တောက်ပလွန်းတယ် ။

*ချစ်သူကို အနားမှာထား.............ဟိုအဝေးလည်း မသွားချင်ဘူး ။
*ချစ်သူရဲ့ အနားမှာကပ်..............တစက္ကန့်တောင်မလပ်ချင်ဘူး ။
*ချစ်သူရဲ့ အနားမှာနေ.................ဘယ်ဘ၀မဆို ငါနေပါ့မယ် ။
*ချစ်သူရဲ့ အနားမှာရှိ................မိုးပြိုကျတောင် ထမကြည့်ချင်ဘူး။
ဘာပဲဖြစ်ဖြစ်
*ချစ်သူသာငါ့ဘ၀ .......အသက်တမျှ....ထာ...၀....ရ...ပါပဲ....( ) ။


ဂျစ်ဘ၀မှာ သိပ်နှစ်သက်ခဲ့ရတဲ့ ကဗျာလေး တစ်ပုဒ်ပါ ။
ချစ်သူ“မောင်”ရေးဖွဲ့သည်။

Saturday, July 25, 2009

နွေရာသီ သင်တန်း

လွန်ခဲ့တဲ့ သုံးလကျော်လောက်က ဂျစ်ဖေဖေ မျက်စိမှုန်ဝါးဝါး ဖြစ်ပြီး
မျက်ရည်ပူတွေကျလို့ မျက်စိဆေးခန်း သွားပြခဲ့တယ် ။ဆေးခန်းမှာ
ဆရာဝန်က စမ်းသပ်တော့မှ မျက်စိမှာ တိမ်ဖြစ်နေမှန်း သိခဲ့ရတယ်လေ။
မျက်စိကတိမ်က ခွဲစိတ်မှ ကောင်းနိုင်မယ်လို့ ဆရာဝန်ကပြောပါတယ် ...။



ဒါပေမဲ့ ဂျစ်ဖေဖေမှာ ဆီးချိုရှိလို့ မခွဲဖြစ်သေးပါဘူး ။ ဆရာဝန်က ဆီးချိုကျအောင်
သောက်ဆေးပေးတဲ့အပြင် ၊ အစားအသောက် ကိုပါရှောင်ခိုင်းပါတယ် ။ ဆီးကျို
ကျသွားမှ မျက်စိခွဲလို့ ရမယ်လို့ ပြောခဲ့ပါတယ် ။ ဆရာဝန်က နေပူထဲမှာ ထီးမပါ ၊
ဦးထုပ် မစောင်းဘဲ လျှောက်သွားတတ်ရင်လဲ မျက်စိကိုထိခိုက် စေတဲ့အကြောင်းရယ် ၊
ဒီလိုအသက်အရွယ်မှာ အများဆုံးဖြစ်လေ့ရှိ တတ်ကြောင်း ဖေဖေကိုရှင်းပြခဲ့ပါတယ် ။
မျက်စိတိမ်ဖြစ်ရခြင်း အကြောင်းအရင်းရဲ့ ရာခိုင်နှုန်းများများက နေပူထဲမှာ အမှတ်တမဲ့
သွားခဲ့တာတွေကြောင့်လို့ ဆိုပါတယ်။



ဂျစ်တို့ငယ်ငယ်ထဲက မပြေလည်ခဲ့တော့ ဖေဖေက မိသားစုအတွက် နေပူမိုးရွာမရှောင် အလုပ်လုပ်ခဲ့သူပါ ။
နေပူထဲမှာလဲ ကားစပယ်ရာ လုပ်ဘူးတယ် ၊နေပူထဲမှာလဲ post manလေးလုပ်ခဲ့ဘူးတယ် ။
နေပူထဲမှာလဲ ဆိုက်ကားနင်းဘူးတယ်၊ နေပူထဲမှာလဲ မြင်းလှည်းမောင်းဘူးခဲ့တယ် ။ နေပူထဲမှာ
လဲ မေမေ့အထည်ဆိုင် အတွက် ရန်ကုန်ကနေ အထည်ထုတ် ထမ်းပြီး ဘ၀အတွက်
ရုန်းကန်ခဲ့ရသူပါ ။နေပူတာက ဖေဖေ့အတွက် ဘာမှမဟုတ်ပါဘူးလို့ ဖေဖေယူဆခဲ့တယ်လေ။
နေပူမှန်း သိသိနဲ့ ခဏလေးပါဆိုတဲ့ စိတ်လေးကြောင့် တဖြေးဖြေး မျက်စိထိခိုက်ပြီး မျက်စိတိမ်ဖုံး
သွားခဲ့ရတယ် ။



နောက်တစ်ယောက်က ဂျစ်တူး ကျောင်းသူဘ၀က မျက်စိမမြင်တဲ့ ဦးလေးကြီး တစ်ယောက်နဲ့
ရင်းနှီးခဲ့တယ် ။ အဲ့ဒီဦးလေးက အသက်ကြီးမှ မျက်လုံးကွယ်ခဲ့တယ်လို့ သူပြောပြခဲ့လို့ သိခွင့်ရခဲ့တယ် ။
အဲ့ဒီဦးလေးကြီးက နေပူထဲမှာ အလုပ်မျိုးစုံ လုပ်ခဲ့ဘူး တယ်တဲ့ ၊နေပူမရှောင် မိုးရှာမရှောင် ဈေးထွက်ရောင်းခဲ့
တယ်၊ လယ်ထွန် ကောက်စိုက်ဘူးတယ် ၊ နောက်ပိုင်း မျက်လုံးထိခိုက်ပြီး မျက်လုံးကွယ် သွားတဲ့အထိ
ဇြစ်ခဲ့ရတယ် ။အဲ့ဒီဦးလေးကြီးက ဂျစ်ရဲ့ ခင်မင်သော သူငယ်ချင်းထဲက တစ်ယောက်သောသူရဲ့
ဦးလေးပါ ။သူ့အိမ်ကိုသွားပြီး သူငယ်ချင်းတွေ စာသွားကျက်တဲ့အခါတိုင်းမှာ ဦးလေးကြီးက
မျက်လုံးမမြင်ပေမဲ့ အမြဲပြောတတ်တာကတော့ “နေပူတယ်နော် .....ထီးစောင်းကြ ၊
ထီးပါရဲ့လား.....”လို့အမြဲ သတိပေး တတ်တာပါပဲ ။


အဲ့ဒီအချိန်က လူကြီးတစ်ယောက်က စိတ်ပူလို့ သတိပေး တာလို့ပဲ ပေါ့ပေါ့လေး နေခဲ့တယ် ။
ဂျစ်ဖေဖေ မျက်စိတိမ်ဖြစ်တယ်လို့လဲ သတင်းလဲကြားရတော့ ရင်ထဲမှာ ထိတ်လန့်မိတာ အမှန်ပဲ ...
ဖေဖေက အိမ်ကကားကို နေ့လည်ပိုင်းမှာတောင် မမြင်တမြင်နဲ့မောင်းနေမှန်း သိသွားတယ် ။
ဖေဖေက ဂျစ်တို့ စိတ်ပူမှာဆိုးလို့ “မျက်စိက နည်းနည်းဝါးတာပါ ”ရပါတယ်ပဲ ပြောခဲ့တယ် ။
ဂျစ်ဒီတစ်ခေါက် မြန်မာပြည် ပြန်သွားတော့ ဖေဖေက ကားမောင်းပြီး ရန်ကုန်က ဘုရားအစုံ လိုက်ပို့တယ်။
နေ့လည်ဘက် ဂျစ်တူးတို့ အိမ်အပြန်မှာ ကားတိုက်မလို ဖြစ်ခဲ့တယ် ....။ ဖေဖေက မျက်စိဝါးသွားလို့ပါလို့
ဂျစ်တို့စိတ်ကျေနပ်အောင် ပြောခဲ့တယ်လေ။


နောက်နေ့တွေမှာ ဖေဖေ့မျက်လုံး မကောင်းတာ ပိုသိသာလာတယ် ။ ဖေဖေက “ဒီနေ့
ဖေဖေ ကားမမောင်းဘူး သမီးတို့ရယ် ၊ driver နဲ့သွားတော့နော် ”လို့ပြောရှာတယ် ။
အဲ့ဒီအချိန်ထိ ဖေဖေမျက်လုံးတိမ်ဖြစ် နေမှန်းမသိဘူး ။ ဖေဖေ မနေ့က ကားတိုက်မလို
ဖြစ်ခဲ့လို့ ကားမမောင်းတာလို့ ထင်ခဲ့မိတယ် ။ နောက်ရက်တွေမှာ ဖေဖေမျက်လုံးက
မျက်ရည်ပူတွေ ကျကျလာတယ် ၊မျက်နှာသုတ်ပုဝါလေးနဲ့ မျက်လုံးကို သုတ်နေတာ
တွေ့မိတယ် ....။ဖေဖေ မျက်လုံးဘာဖြစ်လို့လဲ ဆေးခန်းသွားပြရအောင် ပြောတော့လဲ
ဘာမှမဖြစ်ပါဘူးလို့ ဆိုပြီး ငြင်းနေတယ် ။



ဖေဖေက ခေါင်းမာတယ်လို့ မေမေက ခဏခဏပြော သလို ၊ ဂျစ်တို့တွေလဲ မေမေပြော
တာလက်ခံခဲ့တယ် ....။ဖေဖေကို မျက်စိဆေးခန်း သွားပြဘို့ တိုက်တွန်းပေမဲ့ မသွားခဲ့ဘူး ။
ဂျစ်ထိုင်ဝမ် ပြန်ပြီး တော်တော်ကြာလောက်မှ ဖေဖေ့ မျက်စိသိသိ သာသာ မမြင်ရလို့
ဆရာဝန် သွားပြခဲ့တာသိခဲ့တယ် ။ ဖေဖေ မျက်စိ တော်တော်ဆိုးနေပါပြီ ၊ မျက်လုံးက ၀ါးပြီး
သိပ်မမြင်ရတော့ပါဘူး ။


အဲ့ဒီကမှ ဂျစ်မျက်စိနဲ့ ပက်သက်တဲ့ ကာကွယ်နည်းလေးတွေ internet မှာ ရှာဖွေဖတ်
ဖြစ်ခဲ့တယ် ။ တကယ်လို့များ နေပူထဲမှာ ဘ၀အတွက် ရုန်းကန်နေကြရတဲ့ မောင်နှမများ
၊ နေပူတဲ့အချိန် အပြင်ခဏလေး ထွက်တတ်တဲ့ မောင်နှမများကို ၊ဂျစ်တူးသိသလောက်
မျက်လုံးလေးကို ကာကွယ်တတ်ဘို့ သတိပေးချင်ပါတယ် ...။နေပူထဲကို သွားတဲ့အခါ အသားအရည်
မပျက်စီးရအောင် မမေ့မလျော့ နေပူခံ ခရင်(UV )လိမ်းဘို့မမေ့ပါနဲ့ အရေပြား ကင်ဆာဖြစ်မှာ ဆိုးရိမ်လို့ပါ ။
ပြီးတော့ UVပါတဲ့ ထီးလေးစောင်းပါ ၊ UVပါတဲ့ နေကာမျက်မှန် တတ်ဘို့လဲ မမေ့ပါနဲ့ ။


နေကာမျက်မှန် ရွေးခြယ်တဲ့နေရာမှာ အပြာရောင်နဲ့ ခရမ်းရောင်ကို ရှောင်သင့်ပါတယ် ။
ဘာလို့လဲဆိုတော့ မရမ်းလွန်ရောင်ခြည်ကို မကာကွယ်နိုင်လို့ပါ ....။ ဒါကြောင့် နေကာ
မျက်မှန်ကို မီးခိုးရောင် ၊ အညိုရောင်ဖျော့ဖျော့ ၊အမဲရောင်ဘက် သန်းတဲ့ အစိမ်းရောင်
လေးတွေကို ရွေးချယ်သင့်ပါတယ် ..........အဲ့ဒီအရောင်လေးတွေက နေရောင်ခြည်ကို
ကာကွယ်ပေးတဲ့ အပြင် ၊မျက်လုံးက မြင်ရတဲ့ ပစ္စည်းလေးတွေက ကြည်ကြည်လင်လင်
ကွဲကွဲပြားပြား ရှိလို့ သိသလောက် အကြံဥာဏ် ပေးချင်ပါတယ် ......။


နေကာမျက်မှန် သွားဝယ်ဖြစ်ခဲ့ရင် UV ဘယ်လောက်ပါတယ် ဆိုတာ စမ်းသပ်ပြီးမှ
ဝယ်ယူဘို့ မမေ့ပါနှင့် ။ UV 400 ပါမှ မရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မှာပါ ။
နေပူတဲ့အခါ ခရမ်းလွန်ရောင်ခြည်က ပြင်းထန်လွန်းတော့ မျက်စိကို ထိခိုက်စေပါတယ် ။
ဒါကြောင့် ဂျစ်ချစ်ခင်ရတဲ့ မောင်နှမများကို ဂျစ်သိသလောက် ၊မှတ်သလောက်
သိကောင်းစရာလေးတွေ မျှဝေလိုက်ရပါတယ်။


နွေရာသီမှာ အသားမည်းမှာ စိုးရိမ်လို့ UV ခရင်လိမ်းဘို့ မမေ့တတ်ကြသလို ၊
မျက်လုံးလေး မထိခိုက်အောင်လဲ ထီးစောင်း၊ ဦးထုတ်စောင်းပြီး ဒီထက်ပိုလှသွားအောင်
နေကာမျက်မှန်လေး တတ်ဘို့လဲမမေ့ကြပါနဲ့လို့ ချစ်ခင်တဲ့စိတ်နဲ့ နှိုးဆော်လိုက်ပါတယ်။



ချစ်ခင်စွာဖြင့်
ဂျစ်တူးလေး

Wednesday, July 22, 2009

နတ်ကြေ

ဒီနေ့ မနက်(၈)နာရီကျော်လောက်က officeမှာ တရုန်းရုန်း ဖြစ်နေကြပါတယ် ....။
ဘာလို့လဲဆိုတော့ ဒီနေ့ နေကြတ်တာကို (၉)နာရီကနေ (၁၀)နာရီအတွင်း သေသေချာချာ
မြင်နိုင်မယ်လို့ သတင်းဋ္ဌာနက ကြိုတင်ကြေညာ ထားသောကြောင့် အလုပ်စတက်တဲ့
အချိန်ထဲက မငြိမ်သက်ပဲ ဒီအကြောင်းပဲ ဆွေးနွေးနေဖြစ်ကြတယ် ....။

“နေ”ကို“လ”က အပြည့်ဖုံးမယ့် အချိန်က ထိုင်ဝမ် စံတော်ချိန် (၉း၃၃မိနစ်မှ ၉း၄၀မိနစ်)
အတွင်းမှာ တွေ့ မြင်ကြရပါတယ် ။ ဂျစ်တူးလဲ (၉း၀၀)ထိုးတော့ ရုံးအပြင်ကို ခဏသွား
ကြည့်လိုက် အလုပ်လုပ်လိုက်နဲ့ နေရာမရဖြစ်နေတယ် ...။

ပြီးတော့ နေကြတ်တာကို မျက်စိကို အကာအကွယ် မရှိဘဲကြည့်ရင် မျက်စိပျက်တတ်တယ်လို့
အလုပ်က အန်တီ ကပြောလို့ မြန်မြန်အလုပ်နေရာကို ပြန်ပြီး နေကာမျက်မှန် ဘယ်သူ့ဆီပါလဲ
လိုက်မေး ကြည့်မိတယ် .....။နောက်တော့ 3.5DiSC မှာပါတဲ့ coverလေး ဒါမှမဟုတ် ဓါတ်ပုံဖလင်နဲ့
ကြည့်ရင်မြင်တယ်ဆိုလို့ ပြေးလွှားယူပြီး ကြည့်တော့ တသက်လုံးကြာကြာ မကြည့်နိင်ဘဲ
ထွန်းလင်းတောက်ပ နေတဲ့နေမင်းကြီးခမျာ ဒီတခါတော့ ကြက်ဥနှစ်ရောင် လခြမ်းပဲ့လေးပုံစံမျိုးမြင်လိုက်ရတယ် ....။

ဂျစ်တူး တစ်ခါမှ နေကြတ်တာ မမြင်ဘူးပါဘူး။
ရှားရှားပါးပါး မြင်ခွင့်ရလိုက်ရတော့ ကြည်နူးသွားတယ် ။
ဒီလို “နေ”နဲ့“လ”တစ်ထပ်တည်း အပြည့်အ၀ ကျဘို့ မြင်ချင်ရင် နောက်အနှစ် ရာကျော်စောင့်မှ မြင်ရမယ်ဆိုလို့
ဒီနေ့ နေကြတ်ခြင်းကို မြင်လိုက်ရတော့ ကျေနပ်သွားမိတယ် ။

နေကြတ်တာကို အာရှမှာ ရှိတဲ့ ဘလော့ဂါသူငယ်ချင်းတော်တော်များများ မြင်လိုက်ရနိင်ပေမယ့်
အိပ်ပျော်နေပြီး နေကြတ်တာကို မမြင်လိုက်ရတဲ့ ချစ်သူမောင် အတွက်မြင်စေချင်တဲ့ ဆန္ဒရယ်
လုပ်ငန်းခွင်ကို ရောက်ရှိနေတဲ့ မောင်နှမသူငယ်ချင်းများ အတွက်ရည်ရွယ်ပြီး yahoo ကနေ
ပုံလေးများစုဆောင်း တင်ပြလိုက်ရတာပါ....။











နေကြတ်တဲ့ ပုံလေး

ရှန်ဟိုင်းမှာ အမှောင်ကျသွားတဲ့ ပုံလေးပါ ။





Tuesday, July 14, 2009

မှားယွင်းသွားသော.....formula

မှားယွင်းမှုတွေ
စခဲ့ချိန်မှာ
တက်ကြွစိတ်နဲ့
လူတကာထက်
သာချင်ခဲ့တယ်.....။

ဒီိလိုနဲ့ပဲ
လေ့လာရင်းနဲ့
အရာရာကို
နားလည်လာတယ် .....။

မော်ဒန်ခေတ်မှာ
လူဖြစ်ခဲ့လည်း
နောက်ဆုံးမှာတော့
ချစ်သူကိုတောင်
ဘာသာမပြန်နိုင်ခဲ့ ..........။



(၂၀၀၁.၁၀.၀၁)ချစ်သူ“မောင်”ရေးဖွဲ့သည်....။
ဒီကဗျာလေးက (၁၀)တန်းနှစ်စ ကတည်းက ရေးခဲ့တာပါ ။
ချစ်သူလေး “ဂျစ်”ရဲ့ ခေါင်းမာမှုကို နိမိတ်အဖြစ်ရေးခဲ့မိတယ် ။




ချစ်ခင်စွာဖြင့်
ဂျစ်

Saturday, July 11, 2009

သင့်ရဲ့ တစ်နေ့တာ


ဂျစ်တူး ချစ်ခင် လေးစားရသော မောင်နှမများ “ချမ်းသာကိုယ်စိတ်မြဲပါစေ ”

အခုရက်ပိုင်း ရုံးမှာ အလုပ်များလို့ ရေသောက်ဘို့ မေ့လျော့ နေခဲ့ပါတယ် ။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျောအောင့်နေတာနဲ့ ဆေးခန်းပြမယ်ဆိုပြီး အလုပ်က မန်နေဂျာဆီက
ခွင့်ယူချင်တယ်လို့ သွားပြောတော့ ...သူက ဂျစ်ကို တနေ့ရေ(၈)ခွက် သောက်နည်းကို
ပြောပြခဲ့တယ်...ဒါ့အပြင် ရေသောက်လို့ ရရှိနိုင်တဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးပါတဲ့ စာရွက်လေးကိုပါ
ဖတ်ဘို့ပေးခဲ့တယ်လေ ။


သူက ဂျစ်တူး ကျောအောင့်တာ ရေသောက်နည်းလို့ ကျောက်ကပ်မကောင်းတာလည်း
ဖြစ်နိုင် တယ်လို့ ပြောပါတယ် ။ ဆေးခန်းပြဘို့ဆို ခက်ပျင်းပျင်း ရှိတတ်တဲ့ ဂျစ်တူးလည်း
သူပေးတဲ့နည်း လမ်းလေး အတိုင်း ရေကိုတနေ့(၈)ခွက် ပုံမှန်သောက်ခဲ့ပါတယ် ။
နောက်တရက်လောက်ကြာတော့ ကျောပြင်အောင့် တာ သိသိသာသာ သက်သာသွားပါတယ် ။
ဒါနဲ့ပဲ ဂျစ်တူး ခင်တဲ့ မိတ်ဆွေတွေကို ကျန်းမာအဆင်ပြေချင်စိတ်နဲ့ “ တစ်နေ့တာ...ရေ(၈)ခွက် ”
အကြောင်း ဝေမျှဘို့ ဒီပို့စ်လေးရေးဖြစ် သွားရပါတယ် ။


ဘာကြောင့် တစ်နေ့တာ...ရေ(၈)ခွက် သောက်ဘို့ လိုအပ်သလဲ ဆိုရင်..
လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓါတ်က ၉၀% ကျော်ပါဝင်တယ် တဲ့။အသက်တွေ ကြီးလာလေ
ရေဓါတ် ဆုံးရှုံးမှု ပိုများပြီး ၊ ကလေးငယ်တွေ မှာတော့ ရေဓါတ်က (၁၀)ပုံပုံရင်
(၉)ပုံထက်မနည်း ရှိလို့ အသားအရေ စိုစိုပြေပြေ ဖြစ်နေတာလို့ ဆိုပါတယ် ။


ကျန်းမာရေး အတွက် ရေသောက်နည်း
အကောင်းဆုံး ရေသောက်သုံးတဲ့ နည်းလေးကတော့ .....ပျမ်းမျှအားဖြင့် (၂၀၀~၂၅၀ ml)
ရှိတဲ့ ရေတစ်ခွက်ကို တခါတည်းနဲ့အကုန် သောက်နိုင်ရင် အကောင်းဆုံးပါ ။ တဆက်ထဲ
မသောက်နိုင်ရင်တောင် (၅)မိနစ်အတွင်း ကုန်အောင်သောက်သင့် ပါတယ် ။ဒါမှခန္ဓာကိုယ်က
ရေဓါတ်ကို ပုံမှန်လက်ခံထားနိုင်မှာပါ ။ ရေငတ်မှ တငုံ ၊နှစ်ငုံ သောက်လိုက် မသောက်လိုက်
က ခန္ဓာကိုယ် ရေဓါတ်လက်ခံနိုင်စွမ်းအတွက် မထူးမခြားနား ဖြစ်မှာသေချာပါတယ် တဲ့လေ..။


ရွေးချယ် သောက်သုံးသင့်သည့် ရေ
ရေသန့်ကို သောက်သုံးသင့်သလို ၊ ရေကို ကျိုချက်သောက်သုံးပါ ။ နွေရာသီမှာ လူတွေ
အများစုက ရေခဲရေကို နှစ်နှစ်ခြိုက်ခြိုက် ရွေးချယ်သောက်သုံး ကြပါတယ် ။ တကယ်တော့
ရေခဲရေဟာ အစာအိမ် အလုပ်လုပ်ခြင်းကို အနှောက်အယှက် ဖြစ်စေပါတယ် ။ ရေကို
ရေကျက်အေး သို့မဟုတ် ရေနွေးနွေးလေး သောက်သုံးခြင်းအားဖြင့် ကျန်းမာရေးအတွက်
ကောင်းသလို အစာချေဖျတ်မှုအားလည်း ကောင်းစေပါတယ်၊ တနည်းအားဖြင့် အစာကြေလွယ်ကူ ပါတယ် ။


အစာ မစားမှီ ရေသောက်ခြင်း
ရေသောက်တာတော့ အချိန်မရွေး နေရာမရွေး သောက်သုံးလို့ ရပါတယ် ။ အများအားဖြင့်
ရေကိုငတ်မှ သောက်တတ်တဲ့ အကျင့်က မကောင်းတဲ့အကျင့်လေးပါ ။ ဖြစ်နိုင်ရင် ရေကိုအစာမစားမှီ
သောက်သုံးသင့်ပါတယ် .....ဒါမှအစာအိမ် လမ်းကြောင်းရှင်း သွားပြီး အစားအစာထဲမှာ ပါဝင်တဲ့
အဟာရကို တိုက်ရိုက် လက်ခံထားဘို့ လွယ်ကူပါလိမ့်မယ် ။

အလုပ်တက်နေသော သူများ ရေသောက်ဘို့ မေ့လျော့တတ်ခြင်း ၊ အလုပ်မှာအိမ်သာ ခဏခဏ
သွားရတာ အလုပ်ရှုတ်တယ် ထင်သူများဟာ ရေကိုများများ သောက်လေ့မရှိကြပါဘူး ။
အချိန်ကြာလာလျှင် ဆီးအောင့် ၊ ဆီးကျင်ခြင်း ၊ ခါးနာခါးအောင့် ၊ကျောက်ကပ်မှာ ကျောက်တည်ခြင်းများ
ဖြစ်တတ်ပါတယ် ............။ နောက်ဆုံး ကျောက်ကပ်လုံးဝ မကောင်းလို့ ကျောက်ကပ်အစားထိုးရတဲ့
အဆင့်အထိ ရောက်တတ်ပါတယ် ။

ရေကို တနေ့တာ (၂၀၀၀ ml) သောက်ခြင်း အားဖြင့် ၊ ခန္ဓာကိုယ်မှ မသန့်ရှင်းတဲ့ အညစ်အကြေးများ
ဆီးသွားသည့် အခါပါသွားတတ်ပါတယ် ။ အသားအရေလဲ စိုစိုပြေပြေ ဖြစ်နိုင်သလို ၊ အပိန်ကျင့်နေတဲ့
မမလေးတွေအဖို့ မလိုအပ်တဲ့ အဆီ(脂肪)များ ဆီးနှင့်အတူ ရောပါသွား တတ်ပါတယ်။ ဒါကြောင့်
ကျန်းမာရေး အတွက် ရေကို နေ့စဉ်ပုံမှန် သူ့အချိန်လေးနဲ့ သူ သောက်သုံးသင့် ပါတယ် ။

ရေသောက်သင့်သည့် အချိန်
တစ်နေ့တာ အတွက် ရေ(၈)ခွက်သောက်ဘို့ဆိုတာ တကယ်တော့ တော်တော်ခက်ခဲ ပါတယ်။
ကျန်းမာရေးအတွက် ဆိုတော့ စိတ်ပါလက်ပါ လိုက်နာသောက်သုံး သင့်တယ်လို့ ယူဆမိလို့
ကြိုးစားလိုက်နာ ကြပါလို့ အကြံပေးချင်တာပါ။

နံနက်စောစော အိပ်ရာထထခြင်း အချိန် မှာ ရေ ၂ ခွက် သောက်သင့်ပါတယ်တဲ့...
(ဒီအချိန်က ရေသောက်ဘို့ ပိုအရေးကြီးပါတယ်.....မနက်စောစော အပေါ့သွားတဲ့အခါ
ခန္ဓာကိုယ်မှ အညစ်အကြေးတွေ ဆီးနှင့်အတူ ပါသွားနိုင်လို့ပါ ၊နောက်တစ်ခုက ၀မ်းမချုပ်
စေပါဘူး ။)

မနက်(၁၀း၃၀) : ၁ ခွက်
နေ့လည်ထမင်း မစားခင်အချိန် : ၁ ခွက်
ညနေ(၃း၀၀) : ၁ ခွက်
ညနေ(၅း၀၀) : ၁ ခွက်
ညစာထမင်း မစားခင်အချိန် : ၁ ခွက်
ညအိပ်ရာ မ၀င်ခင် (၁)နာရီ အလို : ၁ ခွက်
(ရေတစ်ခွက်ကို ၂၀၀ ~၂၅၀ml )စံထားပြီးသောက်သုံးပါ ။



ဂျစ်တူး သိသလောက် မှတ်မိသလောက် ကြိုးစားပြီး ဘာသာပြန်ထားပြီး ရေးထားတာပါ ။
အကြောင်းအချက်အလက် လိုအပ်တာတွေ မချောမွေ့တာရှိခဲ့ရင် နားလည်ပေးပါလို့
မေတ္တာရပ်ခံပါတယ် ....။
ရေသောက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ကြားဘူးသလို
ရေကိုလိုအပ်တာထက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ရေအဆိပ်တတ်ပြီး အသက်ပါ
ပျောက်ရတဲ့ သတင်းတွေ တွေ့ဖူးပါတယ် ။ဒီပို့စ်လေးက မောင်နှမများ အတွက်အနည်းငယ်ပဲ ဖြစ်ဖြစ်
အကျိုးရှိမယ် ထင်မိလို့ ဘာသာပြန် တင်ပေးလိုက်ရတာပါ ။အသားအရေ လှချင်တဲ့မမများ ၊ ကျန်းမာရေး
လိုက်စားတတ်တဲ့ အကို၊မောင်တွ ၊ အမများ၊ ညီမများ တစ်နေ့တာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေကို
မမေ့မလျော့ သောက်သုံးကြပါလို့ တိုက်တွန်း ချင်ပါတယ် .......။



ဂျစ်တူး ချစ်ခင်လေးစားရသော မောင်နှမများ ကျန်းမာပျော်ရွှင်နိုင်ကြပါစေဗျာ..................။



လေးစားစွာဖြင့်
ဂျစ်

Tuesday, July 7, 2009

လောင်းကြေး


တစ်ခါတလေများ
စဉ်းစားမိတယ်
တကယ်လို့များ......ငါသေသွားရင်
ငါချစ်တဲ့သူ
လွမ်းဒဏ်ရာနဲ့
ပြန်လာနိုင်မလား.....သိချင်ပါရဲ့ ။


တကယ်လို့သာ
ပြန်လာမယ်ဆို
ငါ့အသက်ကိုစတေး
လောင်းကြေးထပ်ပြီး
ပြန်ခေါ်လိုက်ချင်.............


ဒါပေမဲ့လည်း
သေ၀ံ့သူရဲ့
မြင်ခွင့်မရှိမဲ့
မျက်ဝန်းတွေအတွက်
ဝမ်းနည်းမိတယ်.........................။
(၇.၃.၂၀၀၁)ချစ်သူ “မောင်”ရေးဖွဲ့သည် ။
ချစ်သူလေး“ဂျစ်”သေသေချာချာ ဖတ်ကြည့်ရင် ရှင်းပြစရာတောင်
မလိုလောက်ပါဘူး ......သိစေချင်တာက အဲ့ဒီလောက်ထိ မင်းကို
လွမ်းတယ် ..............။
ချစ်ခင်လေးစားစွာဖြင့်
ဂျစ်တူး

Saturday, July 4, 2009

မုန်းဟင်းခါး....ရောဂါ

ဂျစ် ချက်ထားတဲ့ မုန့်ဟင်းခါး ပူပူ နွေးနွေးလေး

ဒီအပတ်ထဲမှာ “ဂျစ်” မုန့်ဟင်းခါးလာစား ပါလို့ဖိတ်တဲ့ ဘလော့သူငယ်ချင်း နှစ်ယောက်ရှိပါတယ်.......... ။
ချစ်ခင်ရတဲ့ မမ“ဂျာမုန်းဒန်”နဲ့ ညီမလေး “မြူး”တို့ပါပဲ....။ ( ကျေးဇူးပါနော် )

ဂျစ်တူးကလည်း မုန့်ဟင်းခါးဆို ကြိုက်မှကြိုက် ဆိုတော့ ........အဲဒီမှာ စတွေ့တော့တာပဲဗျို့ ။
ဘလော့သွားလည်ရင်း မုန့်ဟင်းခါး အ၀သွားစား လာတာပေါ့ ။ နောက်တစ်နေ့ ဂျစ် ချစ်သူကို
မမ“ဂျာမုန်းဒန်”နဲ့ “မြူးလေး”အိမ်ကို သွားကြည့်ခိုင်းတာပေါ့.........။

ချစ်သူက ဘလော့မောင်နှမတွေရဲ့ စားချင်စဖွယ် မုန့်ဟင်းခါး တွေတွေ့တော့

“ဂျစ် ဒီအပတ် မုန့်ဟင်းခါး ချက်စားရအောင်တဲ့ ” လေ ။
ဂျစ်ကလဲ ကြာသလားလို့ မမေးနဲ့ .. ချက်မယ်လေ ကောင်းကောင်းပေါ့ .....။
တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်မှာရှိတဲ့ မေမေက မုန့်ဟင်းခါးချက်ရင်
လွယ်လွယ်ကူကူ ချက်စားနိုင်အောင် ငါးခူနဲ့ဆီသတ် ထားတာလေး
လူကြုံရှိလို့ ထည့်ပေးလိုက်တယ် ။ အဲ့ဒီမှာ မုန့်ဟင်းခါးချက်စားချင်တဲ့ ရောဂါ ရသွားတော့တာပါပဲ ။


မုန့်လုပ်စားရင်လဲ ခင်မင်တဲ့ သူငယ်ချင်းတွေကိုလည်း စားစေချင်တာ
သဘာဝပဲ မဟုတ်လား ....ဒီတော့ ဂျစ်တို့ ထိုင်ဝမ်မှာ ရင်းရင်းနှီးနှီး
ခင်မင်မှုရှိကြတဲ့ ဘလော့ဂါမောင်နှမ တွေကို ဂျစ် သတိသွားရပြန်ရော..........။

ဒါနဲ့ ဘလော့ဂါမောင်နှမများ ဖြစ်ကြတဲ့ .......................
“ကိုမြစ်ကျိုးအင်း ၊ ကိုအဖြူလေး ၊ မမကိကီ ၊ ညီမလေး မေဒီဇာ ၊ မမ၀ါဝါ ၊ ကိုဧပရယ်”
နောက်တစ်ယောက်က “ကိုကြီးသုနြေ”တို့ကို ဖိတ်လိုက်မိပါတယ် ။
“ မမ၀ါဝါ ”ကိုတော့ ကိုအင်း မှတဆင့် ဖိတ်ခဲ့ပါတယ် ။


မမကိကီ နဲ့ မမ၀ါဝါ တို့ နှစ်ယောက်က ဒီနေ့ အလုပ်ကိစ္စလေးတွေ ရှိနေလို့
ဂျစ်အိမ်ကိုလာဘို့ မကျိန်းသေသေးပါဘူး......ဒါပေမဲ့ မုန့်ဟင်းခါးက ဂျစ်တူးကိုယ်တိုင်
ရှယ်ချက်ထားတာ ဆိုတော့ ကိုယ့်အမတွေကို လာစားစေချင်တာပေါ့နော် ။
(ဒီအပတ် မလာနိုင်လဲ ဂျစ်တူး နောက်တစ်ခေါက် ထပ်ပြီး ချက်ကျွေးမှာပါ......။)

ဂျစ်တူး ချစ်ခင်လေးစားရပါသော ဘလော့မောင်နှမများလဲ ဂျစ်တူးလေး
ချက်ထားတဲ့ မုန့်ဟင်းခါး ပူပူနွေးနွေးလေးကို သုံးဆောင်သွားကြ ပါအုံးနော် ။

ဟိုတစ်ခေါက် ဘလောဂါမောင်နှမတွေ တောင်ပေါ်ရှုခင်းသွားကြည့်တော့

မလိုက်ရလို့ မနာလိုဘူးဆိုတဲ့ “ကိုကြီးဖိုးစိန်၊ ကိုကြီးစိတ်စမ်း ၊ ညီမလေးဇော် ”

တို့ မုန့်ဟင်းခါး အ၀စားသွားကြနော်.....။စားစေချင်လို့ ဒီပို့စ်လေးတင်ပေးလိုက်တယ်။

ချစ်ခင်လေးစားစွာဖြင့်

ဂျစ်