Thursday, August 20, 2009

အထိမ်းအမှတ်နေ့


ဒီနေ့ကိုပေါ့
ငါမျှော်လင့်နေခဲ့တာ
စောင့်စားပြီး ရင်ခုန်ခဲ့ရတာ
အဲ့ဒီနေ့ရောက်ရင်
တို့နှစ်ယောက် ကြင်နာမှုတွေ
(သာမန်ထက်) အပြန်အလှန်
ပေးဖြစ်ကြတယ် ။


လတစ်လရဲ့ နှစ်ဆယ်ရက်နေ့ကို
(တကယ်)တသက်မမေ့ဘူးဆို
မင်းလည်းလက်ခံမှာပါ ။


ဒီအချိန်တစ်ခေါက်
ပြန်ရောက်တိုင်းလည်း
ပိုမိုမြတ်နိုး
အကြင်နာတိုးလို့
အစဉ်ကြိုလေ့
အထိမ်းအမှတ်နေ့ ။


ချစ်သူ“မောင် ”ရဲ့ ချစ်သူ့သက်တမ်း(၂)နှစ်ပြည့် အထိမ်းအမှတ်အတွက်
ပို့ပေးခဲ့ဘူးသော ကဗျာလေးပါ ။
ဒီနေ့ဆို ချစ်သူသက်တမ်း(၁၁)နှစ်ပြည့်ပေါ့နော်.......၊ အရာရာဟာ
ပြောင်းလဲသွားပေမဲ့ မောင့်အပေါ်ထားတဲ့ စေတနာတွေ ၊ချစ်ခြင်းတရားတွေ
ကတော့ အမြဲရှင်သန်နေတုန်းပါပဲ ။ မျက်ဝန်းထဲက ရင်ခုန်မြတ်နိုးခြင်းတွေ
မောင်သိမြင်နိုင်ပါစေ ........။




Monday, August 17, 2009

လွမ်းလို့ သေသွားတဲ့ လိပ်ပြာ


သတိရတယ်
တချိန်ကဘဝ
အတူရှိစဉ်က
ညဟာလှပ
အေးမြခဲ့တယ်....ချစ်သူရယ် ။

မင်းရဲ့မျက်ဝန်းတညို့မှာ
ငါ့ရင်ခွင်တစ်ခုလုံး
မိုးခေါ်ဗုံးတလုံး
ဖြစ်ခဲ့ဘူးတယ်။

ခုတော့လည်း.......ငါ
လွမ်းလို့သေသွားတဲ့ လိပ်ပြာတစ်ကောင်လို
အရာရာမှာ
အေးခဲစွာနဲ့
ငြိမ်...သက်....ခဲ့.....ပေါ့ ။



ချစ်သူ“မောင်”ရေးဖွဲ့သည် ။

Friday, August 7, 2009

သို့........





ဂျစ်ငယ်ငယ်ထဲက လေးစားခဲ့တဲ့သူတစ်ယောက် ရှိပါတယ် ။
အဲ့ဒါကတော့ ကျေးဇူးရှင် ဖေဖေပါ ။ ဖေဖေက ပညာတတ်ကြီးဖြစ်လို့ ဖေဖေကို
လေးစားတတ်ခဲ့တဲ့ ပုံစံမျိုး မဟုတ်ခဲ့ပါဘူး ။ ဖေဖေက မိသားစုအပေါ် အမြဲအနွံတာ
ခံခဲ့တယ် ၊လိုချင်တာတွေကို ပြည့်စုံအောင် ပေးခဲ့တယ် ။မပြေလည်ခဲ့တဲ့ ဘ၀လေးကို
ရုံးကန်ပြီး တနေ့ထက် တနေ့ ပိုပြီးပြေလည်အောင် ၊ထိပ်ဆုံးရောက်အောင် ကြိုးစားခဲ့တဲ့
စိတ်ဓါတ်ရှိသူ ဖေဖေပါ ။


ဂျစ် (၁၀)တန်းအောင်တဲ့ အထိဖေဖေရဲ့ စေတနာတွေကို မသိခဲ့ပါဘူး ။
ဂျစ်နဲ့ဖေဖေက အိမ်မှာဆိုရင် သိပ်မတည့်ပါဘူး။ ဘာလို့လဲဆိုတော့ ဖေဖေက
ဂျစ်တူးကို အရမ်းနှိပ်ကွတ်လို့ပါ ။ တစ်ခါမှ ငါ့သမီးသိပ်တော်တာပဲလို့ မချီးကျူး
ခဲ့ပါဘူး ။ “သမီးလေးကလည်း လိုနေသေးတာပဲ ၊ သူများတွေတောင် ဒီထက်
အများကြီး သာတယ်နော် ”လို့ ခဏခဏ ပြောလေ့ရှိလို့ ဖေဖေ့ကို မချစ်ချင်
တော့ဘူး ။ စကားပြောရင် ကောင်းတာတစ်ခုမှ မပြောလို့ နောက်ပိုင်း ဖေဖေနဲ့
မဆွေးနွေးဖြစ်ဘူးလေ။


ဂျစ်တူး ထိုင်ဝမ်ရောက်တော့မှ ဖေဖေနဲ့အရင်က ဆွေးနွေးခဲ့တဲ့ အဖြစ်တွေက
အရမ်းမှန်တယ်ဆိုတာ သိလာရတယ် ။“ လူတွေက တစ်ခုလိုချင်လို့ တစ်ခုကို
ပေးဆပ်တာပါတဲ့ ”ဒီစကားလေးက ရိုးရိုးလေးပါ ။ သူများတွေ အတွက်မှန်တယ်
မမှန်ဘူး ဂျစ်တူးမသိပါဘူး ။ ဂျစ်တူး ဒီနိုင်ငံမှာတော့ လူတွေက တစ်ခုလိုချင်လို့
တစ်ခုကိုပေးဆပ် နေတဲ့သူတွေ တော်တော်များများတွေ့ နေရတယ်ဗျ ။


ဟိုးအရင်က ဖေဖေ ဂျစ်တူးကို ဘာလို့နှိပ်ကွတ် ခဲ့လဲလို့ မေးမိတယ်။ ဖေဖေကပြော
တယ် “လူဆိုတာ အမြင့်ရောက်သွားရင် လက်ရှိကြိုးစား ချင်တဲ့ စိတ်တွေပျောက်
ကွယ် သွားတတ်တယ်တဲ့ ”လေ။ မှန်ပါတယ် ဂျစ်ကို တစ်ခါမှ မြှောက်ပင့်မပြောခဲ့ဘူး။
သမီးထပ်ကြိုးစားပါအုံးကွာလို့ပဲ ဖေဖေ ပြောလေ့ရှိတယ် ။ ကျောင်းမှာပထမဆု ရခဲ့ရင်တောင်
“သမီးရယ် ဒီကျောင်းမှာမို့ ပထမရတာ ဒီပြင့်ကျောင်းမှာဆိုရင် ဒုတိယ ၊ တတိယ
ဖြစ်ချင်ဖြစ်နေမှာ ငါ့သမီးရ ”။အဲ့လိုတွေ ဖေဖေ ပြောခဲ့လို့လားတော့ မသိဘူး ဂျစ်တူး
အမြဲကြိုးစားချင်စိတ် မပျောက်ခဲ့ဘူး ။



ဖေဖေက သူ့စကားကို နားထောင်မှ ကြိုက်တယ် ။ ဂျစ်က ဂျစ်ကန်ကန် နေတတ်တော့
သိပ်အစေးမကပ်ဘူးပေါ့ဗျာ ။ ဖေဖေ့ကိုတော့ အားလည်းကျမိတယ် ၊ ချစ်လည်း သိပ်ချစ်
တယ် ၊ တစ်ခါမှတော့ ဖေဖေ့ကို သမီးသိပ်ချစ်တာပဲလို့ မပြောမိခဲ့ဘူး ။ အဝေးရောက်မှ
ဖေဖေ သင်ပေးခဲ့တဲ့ လူတွေရဲ့စိတ်နေစိတ်ထားတွေ မြင်လာတယ် ။ ဖေဖေက ဂျစ်တူး
အဝေးရောက်မှ အမြဲအားပေးစကားပြော တတ်လာတယ် ။ “ငါ့သမီးလေး ကိုယ့်ကိုယ်ကို
အထင်ဘယ်တော့မှ မကြီးလိုက်ပါနဲ့ ...သမီးက ထက်ထက်မြက်မြက် ရှိပါတယ် ၊ လူတွေက
စိတ်မမှန်ကြတော့ သမီးနာကျင်မှာ ဆိုးရတယ် ။ဒါကြောင့် ဘယ်သူ့ကိုမဆို အပေါ်ယံ
ကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ၊ လောကကြီးမှာ သမီးထက် တော်တဲ့တတ်တဲ့ သူတွေရှိတာ
မမေ့ထားရင် ဖေဖေ့သမီးလေး အမြဲအောင်မြင်မှုရမှာ သေချာတယ်တဲ့ ”။



ဖေဖေက အလုပ်မျိုးစုံ လုပ်ပြီး ဂျစ်တူးတို့တွေကို ကျွေးမွေးစောင့်ရှောက်ခဲ့သူပါ ။
ဖေဖေ့စကားကို နားမထောင်တဲ့ သမီးတစ်ယောက်မှ မရှိခဲ့ပါဘူး ။ ဖေဖေက ခုချိန်ထိ
သမီးတွေ တစ်ခုခုဖြစ်ချင်ရင် ချက်ချင်းထပြီး လုပ်ပေးတာပါ ။ ငယ်ငယ်က ကျောင်းမှာ
အဆင့်ကျလို့ မေမေဆူလို့ ငိုခဲ့ရင်တောင် ဖေဖေက သမီးဖေဖေကိုကြည့်စမ်း
ဖေဖေကပြမယ် ဆိုပြီး “ဦးရွှေရိုး”အက ထကပြတာ ။အဲ့ဒီတော့လဲ မရယ်ပဲနေပါ့
မလား။ စိတ်ညစ်တာတွေ ပြေရော။


ဖေဖေရေ သမီး ဒိမ်ချဉ် သောက်ချင်တာလို့ ပြောလိုက်ရင် ချက်ချင်း သွားဝယ်ပေးခဲ့တယ်။
ဂျစ်မှတ်မိသလောက် (၉)နှစ်အရွယ်က ဖေဖေ့ကိုပြောဘူးတယ် ။ဖေဖေကိုယ်တိုင် မောင်းတဲ့
ကားလေးနဲ့ ကျောင်းလိုက်ပို့တဲ့ ဘ၀မျိုးရချင်တယ်လို့ စိတ်ကူးယဉ်ပြီး ပြောဘူးခဲ့တယ် ။
ဖေဖေက သမီး(၃)ယောက်လုံးကို ဖေဖေကိုတိုင် ကားမောင်းပြီး ကျောင်းလိုက်ပို့နိုင်အောင်
ကြိုးစားရမယ်ဟေ့လို့ ပြောခဲ့တယ်။



နောက်နေ့တော့ ဂျစ်တူးစိတ်ကျေနပ်အောင် အဘွားအိမ်က လိုင်းကားကြီး ခဏငှါးပြီး
“သမီးကားပေါ်တက် ဖေဖေကိုယ်တိုင် ကားမောင်းပို့မယ် ”ဆိုပြီး ကျောင်းပို့ခဲ့တယ် ။
ကျောင်းရောက်တော့ ဖေဖေက “သမီးလေး ဒါက အစမ်းကျင့်တာနော် ၊ ဖေဖေကားဝယ်
ဘို့ ကြိုးစားနေပါတယ်”လို့ ဂျစ်ကို မျက်စိတစ်ဖက် မှိတ်ပြတယ် ။ ဒါပေမဲ့ ဂျစ်အဲ့ဒီနေ့က
သိပ်ပျော်တာပဲ ၊ တို့ဖေဖေ ကျောင်းကို ကားနဲ့လိုက်ပို့တယ်လို့ပေါ့ ။


ဂျစ်(၁၁)နှစ်သမီးအရွယ်မှာ ဖေဖေရောမေမေ နှစ်ယောက်လုံး နိုင်ငံခြားမှာ ပိုက်ဆံရှာကြတယ် ။
ဂျစ်(၁၅)နှစ်မှာ ဖေဖေကိုယ်ပိုင်ကား ၀ယ်ခဲ့တယ်။ ဂျစ်တို့ကို နေ့တိုင်းကျောင်းကြို၊ကျောင်းပို့
ဖေဖေ အလုပ်ရသွားတယ် ။ ဖေဖေ ဂျစ်တို့ကို ချစ်တာကတော့ ဘေးကလူတွေ အမြင်ကပ်
လောက်တယ် ။ ဖေဖေက သမီးတွေအတွက်ဆို လိုအပ်ရင် အသက်တောင် ပေးရဲတယ်လို့
မေမေကို ခဏခဏ ပြောဘူးတယ်။ ဖေဖေကို လေးစားမိတာက မိသားစုရဲ့လိုအင်တွေကို
အချိန်မရွေး ပေးဆပ်ခဲ့တာပါပဲ ။


ဂျစ်တူးတို့ နှစ်ပတ်လောက် ဖုန်းမဆက်သွားရင် ဖေဖေ နေလို့ထိုင်လို့ မရဘူးလို့ မေမေ
အမြဲပြောတယ် ။ ဖုန်းကိုလဲ တကြည့်ကြည့်နဲ့တဲ့ ။ ဂျစ်တို့ တော်တော်ကြာမှ ဖုန်းဆက်သွားရင်
အရင်စပြောတာကတော့ သမီးတွေက နေနိုင်တယ် ၊ ဖေဖေ့ကို သတိမရကြဘူးပေါ့ ဆိုပြီး
ငိုသံပါနဲ့ ပြောတတ်တယ် ။ ဖေဖေက ပြောတတ်တာကတော့ ပြန်လာတော့ သမီးတို့ရာ ၊
ငွေတွေလည်း မရှာကြပါနဲ့တော့ ၊ ဖေဖေ သမီးလေးတွေကို လွမ်းလှတယ်လို့ ပြောတတ်တာ
ပါပဲ ။ ဖေဖေ့ အပြောက ဘေးကသူတွေ ကြည့်ရင် အဖြစ်သည်းတယ်ပေါ့ဗျာ။ ဖေဖေက
ဂျစ်တို့ငယ်ငယ် မေမေနိုင်ငံခြားစထွက်ချိန်ကစပြီး ဖေဖေပဲ အမေနေရာကို ၀င်ခဲ့ရသူပါ ။



အမှတ်တရ မနက်ဖြန်မှာကျရောက်တဲ့ အဖေများနေ့အတွက် ဒီပို့စ်လေးကို ရေးမိပါတယ် ။
ဖေဖေရေ သမီး... ဖေဖေ့ကို သိပ်ချစ်ပါတယ်........ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ ။
ဖေဖေ သမီးဒီပို့စ်လေးကို ဖတ်ရရင် မောခဲ့ရတဲ့ ဘ၀အမောတွေ ပြေပါစေနော် ။
ဖေဖေ့ကြောင့် သမီးတို့ လူတန်းစေ့နေနိုင်ခဲ့ရသလို ၊ ပညာတွေလဲ သင်ယူနိုင်ခဲ့တယ်။
ကျေးဇူးကြီးပါတယ်...ဖေဖေ.....謝謝您 爸爸........ 父親節快樂 !!






Wednesday, August 5, 2009

အသက်တမျှ

လူငယ်ဘ၀ရဲ့ သိတတ်စမှာ
ရင်ခုန်သံဖျော့ဖျော့
ပေါ့ပေါ့ပါးပါး စိတ်ကူးများနဲ့
ဖြူစင်စွာပဲ ပျော်မြူးခဲ့တယ်.....။

ဒီလိုနဲ့
အချစ်ဆိုတဲ့စကားလုံး
စာလုံးပေါင်းတတ်ရုံရှိသေး
ငါ့ဘ၀လေးထဲ မင်းဝင်လာတယ်။

ဖြူစင်ခြင်းဟာပျောက်ဆုံး
ခေါင်းအုံးအောက်က ဒိုင်ယာရီမှာ
သူသာနတ်သမီးဖြစ်ခဲ့တယ်....။

တစ်ရက်ပြီးတော့ နောက်တစ်ရက်
စွဲလမ်းခြင်းတွေပြည့်ကျပ်
အိပ်စက်ခြင်းဟာညဉ့်နက်
အိမ်မက်တွေသာထပ်နေခဲ့ရင်း
နံနက်ခင်းလည်းမင်းပါပဲ ။

ငါ့အတွက်တော့
ကုန်ဆုံးသွားတဲ့နေ့ရက်တိုင်းမှာ
ချစ်တတ်ခြင်းသာရင့်ကျက်
နှုတ်ခမ်းတွေခြောက်ကပ်
ပြောမထွက်ခဲ့ဘူး ......။

ဟိုအဝေးမှာငေး..........ငါဆွေးတတ်သလို
အနားတိုးရင်......ပိုဆိုးပြန်တယ် ။
စိုးရိမ်ရေမှတ်....ဒီရေတက်သလို
ငါ့ရဲ့အချစ်တွေ မရပ်ခဲ့ဘူး။

ဖြစ်နိုင်မယ်ဆို
စွဲလမ်းခြင်းကို တောင်ပံတပ်
အိမ်မက်ကိုဇက်ကြိုးဆွဲပြီး
မင်းနှလုံးသားထဲ ပျံဝဲချင်တယ်။

ဒီအရွယ်ရဲ့ လွယ်အိတ်ထဲမှာ
ကျောင်းစာအုပ်ဟာ ကွက်လပ်
ချစ်တတ်ခြင်းသာ ပြည့်ကျပ်ခဲ့တယ် ။

တိတ်တဆိတ်နဲ့
ချိတ်ပိတ်ခဲ့တဲ့
ရင်ခုန်သံဟာ....သုံးနှစ်ကြာလည်း
လတ်ဆတ်ဆဲပေါ့ ။

တဖက်သတ်စွဲရုံနဲ့တော့
ရက်စွဲတွေသာကုန်သွားလိမ့်မယ်။
ဒီဘုံဘ၀မှာ ဆုံရမှာမဟုတ်ဘူး။
အုံကြွလာတဲ့ စွဲလမ်းခြင်းမှာ
ကိုယ့်ဘာသာ အားတင်းလျှက်
မင်းအနားကိုတိုးကပ်
ချစ်ခဲ့သမျှတွေ ဖွင့်ပြောမိတယ် ။

“မြတ်နိုးပါတယ်”ကိုယ့်စကား
သူ့နား ထဲမှာစွဲနေပါ့မလား။
ရင်ခုန်သံတဆတ်ဆတ်နဲ့
စိုးရိမ်တတ်ခဲ့
နယူတန်ရဲ့(တတိယ)နိယာမ
ငါသတိရတယ်.................။
ငါ့ရဲ့အချစ်စစ်မှန်ခဲ့ရင်
သူ့ထံကပြန် အချစ်မှန်မယ် ။


မြတ်မြတ်နိုးနိုး မျှော်ကိုးနေရင်း
အချစ်ရဲ့ ပျိုးခင်းပွင့်ခဲ့ပြီ ။
ရင်ခုန်သံတွေ ချိုမြ
အိမ်ပြန်လမ်းဟာ တောက်ပလွန်းတယ် ။

*ချစ်သူကို အနားမှာထား.............ဟိုအဝေးလည်း မသွားချင်ဘူး ။
*ချစ်သူရဲ့ အနားမှာကပ်..............တစက္ကန့်တောင်မလပ်ချင်ဘူး ။
*ချစ်သူရဲ့ အနားမှာနေ.................ဘယ်ဘ၀မဆို ငါနေပါ့မယ် ။
*ချစ်သူရဲ့ အနားမှာရှိ................မိုးပြိုကျတောင် ထမကြည့်ချင်ဘူး။
ဘာပဲဖြစ်ဖြစ်
*ချစ်သူသာငါ့ဘ၀ .......အသက်တမျှ....ထာ...၀....ရ...ပါပဲ....( ) ။


ဂျစ်ဘ၀မှာ သိပ်နှစ်သက်ခဲ့ရတဲ့ ကဗျာလေး တစ်ပုဒ်ပါ ။
ချစ်သူ“မောင်”ရေးဖွဲ့သည်။