Saturday, July 25, 2009

နွေရာသီ သင်တန်း

လွန်ခဲ့တဲ့ သုံးလကျော်လောက်က ဂျစ်ဖေဖေ မျက်စိမှုန်ဝါးဝါး ဖြစ်ပြီး
မျက်ရည်ပူတွေကျလို့ မျက်စိဆေးခန်း သွားပြခဲ့တယ် ။ဆေးခန်းမှာ
ဆရာဝန်က စမ်းသပ်တော့မှ မျက်စိမှာ တိမ်ဖြစ်နေမှန်း သိခဲ့ရတယ်လေ။
မျက်စိကတိမ်က ခွဲစိတ်မှ ကောင်းနိုင်မယ်လို့ ဆရာဝန်ကပြောပါတယ် ...။



ဒါပေမဲ့ ဂျစ်ဖေဖေမှာ ဆီးချိုရှိလို့ မခွဲဖြစ်သေးပါဘူး ။ ဆရာဝန်က ဆီးချိုကျအောင်
သောက်ဆေးပေးတဲ့အပြင် ၊ အစားအသောက် ကိုပါရှောင်ခိုင်းပါတယ် ။ ဆီးကျို
ကျသွားမှ မျက်စိခွဲလို့ ရမယ်လို့ ပြောခဲ့ပါတယ် ။ ဆရာဝန်က နေပူထဲမှာ ထီးမပါ ၊
ဦးထုပ် မစောင်းဘဲ လျှောက်သွားတတ်ရင်လဲ မျက်စိကိုထိခိုက် စေတဲ့အကြောင်းရယ် ၊
ဒီလိုအသက်အရွယ်မှာ အများဆုံးဖြစ်လေ့ရှိ တတ်ကြောင်း ဖေဖေကိုရှင်းပြခဲ့ပါတယ် ။
မျက်စိတိမ်ဖြစ်ရခြင်း အကြောင်းအရင်းရဲ့ ရာခိုင်နှုန်းများများက နေပူထဲမှာ အမှတ်တမဲ့
သွားခဲ့တာတွေကြောင့်လို့ ဆိုပါတယ်။



ဂျစ်တို့ငယ်ငယ်ထဲက မပြေလည်ခဲ့တော့ ဖေဖေက မိသားစုအတွက် နေပူမိုးရွာမရှောင် အလုပ်လုပ်ခဲ့သူပါ ။
နေပူထဲမှာလဲ ကားစပယ်ရာ လုပ်ဘူးတယ် ၊နေပူထဲမှာလဲ post manလေးလုပ်ခဲ့ဘူးတယ် ။
နေပူထဲမှာလဲ ဆိုက်ကားနင်းဘူးတယ်၊ နေပူထဲမှာလဲ မြင်းလှည်းမောင်းဘူးခဲ့တယ် ။ နေပူထဲမှာ
လဲ မေမေ့အထည်ဆိုင် အတွက် ရန်ကုန်ကနေ အထည်ထုတ် ထမ်းပြီး ဘ၀အတွက်
ရုန်းကန်ခဲ့ရသူပါ ။နေပူတာက ဖေဖေ့အတွက် ဘာမှမဟုတ်ပါဘူးလို့ ဖေဖေယူဆခဲ့တယ်လေ။
နေပူမှန်း သိသိနဲ့ ခဏလေးပါဆိုတဲ့ စိတ်လေးကြောင့် တဖြေးဖြေး မျက်စိထိခိုက်ပြီး မျက်စိတိမ်ဖုံး
သွားခဲ့ရတယ် ။



နောက်တစ်ယောက်က ဂျစ်တူး ကျောင်းသူဘ၀က မျက်စိမမြင်တဲ့ ဦးလေးကြီး တစ်ယောက်နဲ့
ရင်းနှီးခဲ့တယ် ။ အဲ့ဒီဦးလေးက အသက်ကြီးမှ မျက်လုံးကွယ်ခဲ့တယ်လို့ သူပြောပြခဲ့လို့ သိခွင့်ရခဲ့တယ် ။
အဲ့ဒီဦးလေးကြီးက နေပူထဲမှာ အလုပ်မျိုးစုံ လုပ်ခဲ့ဘူး တယ်တဲ့ ၊နေပူမရှောင် မိုးရှာမရှောင် ဈေးထွက်ရောင်းခဲ့
တယ်၊ လယ်ထွန် ကောက်စိုက်ဘူးတယ် ၊ နောက်ပိုင်း မျက်လုံးထိခိုက်ပြီး မျက်လုံးကွယ် သွားတဲ့အထိ
ဇြစ်ခဲ့ရတယ် ။အဲ့ဒီဦးလေးကြီးက ဂျစ်ရဲ့ ခင်မင်သော သူငယ်ချင်းထဲက တစ်ယောက်သောသူရဲ့
ဦးလေးပါ ။သူ့အိမ်ကိုသွားပြီး သူငယ်ချင်းတွေ စာသွားကျက်တဲ့အခါတိုင်းမှာ ဦးလေးကြီးက
မျက်လုံးမမြင်ပေမဲ့ အမြဲပြောတတ်တာကတော့ “နေပူတယ်နော် .....ထီးစောင်းကြ ၊
ထီးပါရဲ့လား.....”လို့အမြဲ သတိပေး တတ်တာပါပဲ ။


အဲ့ဒီအချိန်က လူကြီးတစ်ယောက်က စိတ်ပူလို့ သတိပေး တာလို့ပဲ ပေါ့ပေါ့လေး နေခဲ့တယ် ။
ဂျစ်ဖေဖေ မျက်စိတိမ်ဖြစ်တယ်လို့လဲ သတင်းလဲကြားရတော့ ရင်ထဲမှာ ထိတ်လန့်မိတာ အမှန်ပဲ ...
ဖေဖေက အိမ်ကကားကို နေ့လည်ပိုင်းမှာတောင် မမြင်တမြင်နဲ့မောင်းနေမှန်း သိသွားတယ် ။
ဖေဖေက ဂျစ်တို့ စိတ်ပူမှာဆိုးလို့ “မျက်စိက နည်းနည်းဝါးတာပါ ”ရပါတယ်ပဲ ပြောခဲ့တယ် ။
ဂျစ်ဒီတစ်ခေါက် မြန်မာပြည် ပြန်သွားတော့ ဖေဖေက ကားမောင်းပြီး ရန်ကုန်က ဘုရားအစုံ လိုက်ပို့တယ်။
နေ့လည်ဘက် ဂျစ်တူးတို့ အိမ်အပြန်မှာ ကားတိုက်မလို ဖြစ်ခဲ့တယ် ....။ ဖေဖေက မျက်စိဝါးသွားလို့ပါလို့
ဂျစ်တို့စိတ်ကျေနပ်အောင် ပြောခဲ့တယ်လေ။


နောက်နေ့တွေမှာ ဖေဖေ့မျက်လုံး မကောင်းတာ ပိုသိသာလာတယ် ။ ဖေဖေက “ဒီနေ့
ဖေဖေ ကားမမောင်းဘူး သမီးတို့ရယ် ၊ driver နဲ့သွားတော့နော် ”လို့ပြောရှာတယ် ။
အဲ့ဒီအချိန်ထိ ဖေဖေမျက်လုံးတိမ်ဖြစ် နေမှန်းမသိဘူး ။ ဖေဖေ မနေ့က ကားတိုက်မလို
ဖြစ်ခဲ့လို့ ကားမမောင်းတာလို့ ထင်ခဲ့မိတယ် ။ နောက်ရက်တွေမှာ ဖေဖေမျက်လုံးက
မျက်ရည်ပူတွေ ကျကျလာတယ် ၊မျက်နှာသုတ်ပုဝါလေးနဲ့ မျက်လုံးကို သုတ်နေတာ
တွေ့မိတယ် ....။ဖေဖေ မျက်လုံးဘာဖြစ်လို့လဲ ဆေးခန်းသွားပြရအောင် ပြောတော့လဲ
ဘာမှမဖြစ်ပါဘူးလို့ ဆိုပြီး ငြင်းနေတယ် ။



ဖေဖေက ခေါင်းမာတယ်လို့ မေမေက ခဏခဏပြော သလို ၊ ဂျစ်တို့တွေလဲ မေမေပြော
တာလက်ခံခဲ့တယ် ....။ဖေဖေကို မျက်စိဆေးခန်း သွားပြဘို့ တိုက်တွန်းပေမဲ့ မသွားခဲ့ဘူး ။
ဂျစ်ထိုင်ဝမ် ပြန်ပြီး တော်တော်ကြာလောက်မှ ဖေဖေ့ မျက်စိသိသိ သာသာ မမြင်ရလို့
ဆရာဝန် သွားပြခဲ့တာသိခဲ့တယ် ။ ဖေဖေ မျက်စိ တော်တော်ဆိုးနေပါပြီ ၊ မျက်လုံးက ၀ါးပြီး
သိပ်မမြင်ရတော့ပါဘူး ။


အဲ့ဒီကမှ ဂျစ်မျက်စိနဲ့ ပက်သက်တဲ့ ကာကွယ်နည်းလေးတွေ internet မှာ ရှာဖွေဖတ်
ဖြစ်ခဲ့တယ် ။ တကယ်လို့များ နေပူထဲမှာ ဘ၀အတွက် ရုန်းကန်နေကြရတဲ့ မောင်နှမများ
၊ နေပူတဲ့အချိန် အပြင်ခဏလေး ထွက်တတ်တဲ့ မောင်နှမများကို ၊ဂျစ်တူးသိသလောက်
မျက်လုံးလေးကို ကာကွယ်တတ်ဘို့ သတိပေးချင်ပါတယ် ...။နေပူထဲကို သွားတဲ့အခါ အသားအရည်
မပျက်စီးရအောင် မမေ့မလျော့ နေပူခံ ခရင်(UV )လိမ်းဘို့မမေ့ပါနဲ့ အရေပြား ကင်ဆာဖြစ်မှာ ဆိုးရိမ်လို့ပါ ။
ပြီးတော့ UVပါတဲ့ ထီးလေးစောင်းပါ ၊ UVပါတဲ့ နေကာမျက်မှန် တတ်ဘို့လဲ မမေ့ပါနဲ့ ။


နေကာမျက်မှန် ရွေးခြယ်တဲ့နေရာမှာ အပြာရောင်နဲ့ ခရမ်းရောင်ကို ရှောင်သင့်ပါတယ် ။
ဘာလို့လဲဆိုတော့ မရမ်းလွန်ရောင်ခြည်ကို မကာကွယ်နိုင်လို့ပါ ....။ ဒါကြောင့် နေကာ
မျက်မှန်ကို မီးခိုးရောင် ၊ အညိုရောင်ဖျော့ဖျော့ ၊အမဲရောင်ဘက် သန်းတဲ့ အစိမ်းရောင်
လေးတွေကို ရွေးချယ်သင့်ပါတယ် ..........အဲ့ဒီအရောင်လေးတွေက နေရောင်ခြည်ကို
ကာကွယ်ပေးတဲ့ အပြင် ၊မျက်လုံးက မြင်ရတဲ့ ပစ္စည်းလေးတွေက ကြည်ကြည်လင်လင်
ကွဲကွဲပြားပြား ရှိလို့ သိသလောက် အကြံဥာဏ် ပေးချင်ပါတယ် ......။


နေကာမျက်မှန် သွားဝယ်ဖြစ်ခဲ့ရင် UV ဘယ်လောက်ပါတယ် ဆိုတာ စမ်းသပ်ပြီးမှ
ဝယ်ယူဘို့ မမေ့ပါနှင့် ။ UV 400 ပါမှ မရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မှာပါ ။
နေပူတဲ့အခါ ခရမ်းလွန်ရောင်ခြည်က ပြင်းထန်လွန်းတော့ မျက်စိကို ထိခိုက်စေပါတယ် ။
ဒါကြောင့် ဂျစ်ချစ်ခင်ရတဲ့ မောင်နှမများကို ဂျစ်သိသလောက် ၊မှတ်သလောက်
သိကောင်းစရာလေးတွေ မျှဝေလိုက်ရပါတယ်။


နွေရာသီမှာ အသားမည်းမှာ စိုးရိမ်လို့ UV ခရင်လိမ်းဘို့ မမေ့တတ်ကြသလို ၊
မျက်လုံးလေး မထိခိုက်အောင်လဲ ထီးစောင်း၊ ဦးထုတ်စောင်းပြီး ဒီထက်ပိုလှသွားအောင်
နေကာမျက်မှန်လေး တတ်ဘို့လဲမမေ့ကြပါနဲ့လို့ ချစ်ခင်တဲ့စိတ်နဲ့ နှိုးဆော်လိုက်ပါတယ်။



ချစ်ခင်စွာဖြင့်
ဂျစ်တူးလေး

17 comments:

Anonymous said...

ယူဗွီ လေးရာ၊
မီးခိုးရောင်၊ အညိုရောင်ဖျော့ဖျော့၊ အနက်ရောင်သန်းတဲ့ အစိမ်းရောင်၊
မှတ်ထားလိုက်ပြီ။
ကျေးဇူးပဲ။

Yu Ya said...

ဂျစ်တူရေ... ကျွန်တော်အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ ဆောင်းပါးလေးပါဗျာ။ တစ်ခါတစ်လေ နေပူထဲမှာ ကားမောင်းရတဲ့ကျွန်တော် မျက်လုံးတွေ ခပ်စပ်စပ်ဖြစ်ခဲ့ဘူးပါတယ်။ အခုတော့ ဂျစ်တူးရဲ့ မျှဝေမှုနဲ့ အသိလေးတစ်ခု ရသွားပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

မြစ်ကျိုးအင်း said...

တန်ဖိုးရှိတဲ့စာတပုဒ်ဖတ်ရတိုင်း ကျေနပ်ပီတိဖြစ်မိတယ်
တကယ်ကောင်းပါတယ်...။

နဒီမိုးညို said...

အပြင်ထွက်ရင်..မျက်မှန်..နဲ့ ဦးထုပ်က..
အမြဲပါ..လို့ တော်သေးတယ်..
ဂျစ်.စာက..ဗဟုတုတ..ရလို့ ..ကျေးဇူးတင်..တယ်.နော်

မေဇင် said...

ကျေးဇူးပါ ဂျစ်ရေ....နောင့် က ထီးကိုင်ရမှာပျင်းသူ၊ ဦးထုပ်ဆောင်းရမှာ ဆံပင်ပုံပျက်တယ် ယူဆသူ ၊ နေကာမျက်မှန်တပ်ရင်( တစ်ချို့ အရမ်းကို စတိုင်မိနေလို့ အားကျပေမယ့်) များသောအားဖြင့် ... ကြောင်တောင်ကန်းနဲ့တူတယ်လို့ ထင်သူ..ဟဲဟဲ.. အဲ့ဒါကြောင့် နေပူထဲလဲ ထီးမဆောင်း၊ ဦးထုပ်မပါ ၊ မျက်မှန်မတပ်ပဲ သွားတဲ့သူပါ...ဒီတစ်ခါတော့ ဆင်ခြင်ပါမှ...မဟုတ်ရင် မျက်မှန်မတတ်ပဲ ..တကယ် ကြောင်တောင်ကန်းသွားမယ်.း)

ရွှေပြည်သူ (ShwePyiThu) said...

အိမ်က အဖေ့ကို သတိရသွားမိတယ်။ မှတ်သားစရာလေးတွေလည်း မှတ်သားသွားပါတယ် ညီမလေးရေ...

ဇော် said...

ဟုတ်တယ်နော် ဂျူးတစ်။
ကျနော်လဲ သတိထားတော့မှဖြစ်တော့မယ်။
ဒီမှာက အရမ်းပူတာရော။ =(

kiki said...

ဂျစ် ဖေဖေ ခု ဘယ်လို နေသေးလည်း ။
ခွဲရမယ်ဆို လဲ အချိန် မဆွဲ နေနဲ့လေ ။
ခုဆိုရင် လေဆာ နဲ့ ခွဲတာတွေ ရှိတာပဲ ..
ခွဲဖို့  အားပေးလိုက်ပါအုံး။

မျက်မှန်လေးတွေ တပ်ဖို့ သတိပေးတာ ကောင်းတယ် ။
အဟိ ..အမ ကတော့ နေကာမျက်မှန်ရူးတယ် ။
ပုံ လှတာတွေ တွေ့ ရင် မနေနိုင်ဖူး ။
အပြာ နဲ့  ခရမ်းတော့ မဝယ် မိသေးဖူး။
တော်သေးတာပေါ့ . ဂျစ်ပြောပေလို့ ။
ကျေးဇူး..

Unknown said...

ဒါဆို မျက်မှန်ဝယ်ရဦးမယ်.....။
ကျေးဇူးပါပဲ ဂျစ်ရေ......။

သားကြီး said...

မိသားစုလေးအတွက်နေပူကျဲကျဲကြီးတောင်မရှောင်
အလုပ်ပေါင်းစုံလုပ်ပြီး ငွေရှာခဲ့တဲ့ဂျစ်ဖေဖေရဲ့
ကျေးဇူးက ကြီးမားလှပါတယ်
စေတနာနဲ့ရှောင်ရန်ဆောင်ရန်လေးတွေမျှဝေပေးတဲ့
ဂျစ်ကို ကျေးဇူးပါ
ဒီပိုစ်ကိုဖတ်ပြီး ဆင်ခြင်သင့်တာတွေသိလိုက်ရတယ်
နောက်ပြီး ဂျစ်ဖေဖေရဲ့ မေတ္တာကို လှစ်ခနဲ လှမ်းမြင်လိုက်ရတယ်
အဲဒါဟာ...မိသားစုကို တန်ဘိုးထားတဲ့
ဖခင်အားလုံးရဲ့ မေတ္တာတစ်ခုပါပဲ

အရူးလေး said...

ဝမ်းနည်းစရာ ကိစ္စက အတွေ့အကြုံကို ယူပြီး ဝေမျှတာကို တော်တော်လေးစားမိပါတယ်ဗျာ .... ကိုယ်ချင်းလဲ စာမိပါတယ် ...... အရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ .... ချမ်းမြေ့ပါစေနော် ...

ကိုလူထွေး said...

အခုလို နှိုးဆော်ပေးတာ ကျေးဇူးပဲ ဂျစ်တူးလေးရေ...

းဝ)

ဝသန်မိုး said...

ခုလိုသတိတရနဲ့ 
ဆော်သြပေးတာ
ကျေးဇူပါ ဂျစ်ရေ

Sein Lyan Tun said...

နေကာ မျက်မှန် ကြိုက်တယ်...

စတိုင်လဲထုတ်လို့ကောင်းတယ်လေ


ဆိုင်ကယ်စီးတော့ လိုတယ်ထင်လို့...


း)))))


ကြိုတင်သတိပေးချက်တွေ ကောင်းတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ချစ်တဲ့မောင် said...

အခုရော ခွဲလို့ရပြီတဲ့လား အချိန်မဆွဲဘဲ ခွဲတာ ပိုကောင်း မယ်လို့ထင်ပါတယ်....။

မျက်မှန်ကတော့ ရှိတယ်လေ တပ်စေချင်ရင် အပြင်သွား ကြတာပေါ့

ဂျာမုန်းဒန် said...

ဂျစ်လေးရေ...
ဘာမှစိတ်အားမငယ်နဲ့နော်။
မျက်စိမုံတာအသက်ကြီးလာရင်အားလုံးဖြစ်နေကြတာပဲ။
အစ်မဂျာမုန်းအစ်မေလည်းမျက်စိခွဲထားတယ်လေ။
ခွဲလိုက်တော့အလုံးအိုကေပဲ။
အမေကမျက်စိခွဲတာဆယ်နှစ်ကျော်ရောပေါ.။
ဘာမှဆိုးရိန်စရာမရှိပါဘူး။
အစ်ဂျာမုန်းမှာလည်းသားလေးကိုယ်ဝန်တုံးကဆီးချိုရှိုခဲ့တယ်။
သကြား၊ ဆန်ပျော့၊ အချိုရည်တို့၊သရက်သီး၊ငှက်ပျောသီး၊ အာလူးဆိုရင်ရှောင်တင့်တဲ့အစားအစာမှာပါတယ်နော်။
အဖေကိုဂရုစိုက်ဖို့ပြောတာပါ။
ချစ်တဲ့
အစ်မဂျာမုန်း

သုဒြေ္န said...

ဂျစ်ဂျစ်ဂျစ်ဂျစ်.........သတိရတယ်......အသစ်.အသစ်.အသစ်..ရေးဖို့ လာအော်တယ်....ချစ်ချစ်ချစ်နဲ့ ...အိုကေတယ်မလား.......ပြစ်ပြစ်ပြစ်..ထားနဲ့ နော်.........ခစ်ခစ်ခစ်...လို့ ရယ်နေလား.....ဟစ်ဟစ်ဟစ်....ပြီးသီချင်းဆိုနေလား.....တစ်တစ်တစ်....မန့် မရတော့ ..ညစ်ညစ်ညစ်...သွားတယ်စိတ်တွေ.....အသစ်အသစ်အသစ်....တွေ့ မှ....တစ်တစ်တစ်ရအောင် .....ကြိုးစားမန့် တော့ မယ်.........ပို့ စ်...လေးနဲ့ သိပ်မဆိုင်တဲ့ မန့် လေးပါ...ဂျစ်လေး.......ပျော်စေချင်တဲ့ ဆန္ဒနဲ့ ပေါ့ ပေါ့ ပါးပါးဖြစ်အောင်မန့် လိုက်တာပါ....ခင်တဲ့ ကိုကြီး...သုဒြေ္န