Monday, June 15, 2009

နောက်ကျသူ

(အကြိမ်ကြိမ်)
စောင့်ဆိုင်းရသူရဲ့
ဒုက္ခကို .....ငါဟာ
စာနာမိပါတယ်......။
( “မောင်”ဟာ ...သူချိန်းတဲ့နေ့တွေမှာ အချိန်မှန်
ရောက်ခဲ့တဲ့ ကျမကို....စောင့်ဆိုင်းရသူရဲ့ ဒုက္ခကို “မောင်”စာနာတတ်ပြီလို့
ပြောချင်တာပါ.................။)

ဒါပေမဲ့
နောက်ကျတတ်ခြင်းကို
ဖျောက်ဖျက်မရနိုင်ခဲ့....။
နောက်မကျရအောင်
ကြိုးစားပေမဲ့
နောက်ဆုံးတော့လည်း
ထုံးစံအတိုင်းပါပဲ......။
(ချိန်းလိုက်တဲ့ အခါတိုင်း အကြောင်းအမျိုးမျိုးဖြင့် နောက်ကျတတ်တဲ့ “မောင်
ဟာ သူနောက်မကျအောင် အမြဲ ကြိုးစား ခဲ့ပါတယ်တဲ့...နောက်ဆုံးမှာ “ကျမ”
ပဲ နောက်ကျတတ်တဲ့မောင့်ကို စောင့်မြဲအတိုင်းစောင့် ခဲ့ရတာပါပဲ......။)

ဘုရားသခင်က
လိုအပ်ချက် မပြည့်ဝတဲ့ ဘ၀နဲ့
နောက်ကျရခြင်းကို
ထည့်ပေးလိုက်တာနဲ့
တူပါရဲ့....။
(မောင် ချိန်းဆိုပြီး မလာတဲ့နေ့တွေမှာ လည်းကျမ စောင့်မြဲအတိုင်း စောင့်ခဲ့ဘူး
ပါတယ်....ဒါကကျောင်းသူဘ၀ မောင်စချိန်းတဲ့နေ့မှာ မောင်မလာမချင်း
ယုံယုံကြည်ကြည်နဲ့ပဲ ချိန်းဆိုတဲ့နေရာမှာ စောင့်ခဲ့ဘူးလို့....သူငယ်ချင်း တစ်အုပ်စုလုံး
က လှောင်ရယ်မှု ကိုခံခဲ့ရဘူးတယ်....ဒါပေမဲ့ စောင့်ရသူအတွက် ချစ်တဲ့စိတ်နဲ့
တိတ်တိတ်လေး ကြေကွဲတာကလွဲလို့ ဘာမှမတောင်းဆို ခဲ့ဘူးပါဘူး ...။)

ဘ၀မှာ
နောက်ကျခြင်းကို
(မကြာခဏ)
ကြုံတွေ့လာသူ ကိုယ့်အတွက်
ချိန်းဆိုခြင်းကို
ထိတ်လှန့်လာခဲ့
ချိန်းဆိုမှုရဲ့ နောက်ကွယ်မှာ
မရိုးနိုင်တဲ့
ဖြေရှင်းချက်တွေနဲ့
အချိန်ကုန်ခဲ့ရတယ် ....။

(မောင်ဟာ နောက်ကျတတ်လွန်းတော့ ..နောက်ပိုင်းတွေမှာ ဘာလုပ်လုပ်
မချိန်းဆိုရဲသလောက်ဖြစ်ခဲ့တယ်...ချိန်းလို့ထပ်နောက်ကျ ခဲ့ရင်လည်း ထုံးစံအတိုင်း
ဖြေရှင်းမှုတွေနဲ့ ကျမတို့တတွေ အချိန်ကုန်ခဲ့ရတယ် ....။)

ချစ်သူရဲ့
အယုံအကြည်ကင်းမှုကို
ရရှိသူတစ်ယောက်
ကံဆိုးသူမရှိနိုင်ဘူး
ထင်ပါရဲ့.......။
ငါ့ရဲ့
နောက်ကျမှုဟာ
စချိနိးတဲ့နေ့မှာပဲ
စတင်ခဲ့တယ်....။

(စချိန်းတဲ့ နေ့ကစပြီး နောက်ကျခဲ့ဘူးတဲ့ မောင့်ကို.....ကျမ
နောက်ပိုင်းမှာ မောင်ချိန်းဆိုမှာကို ကြောက်မိလာတယ်...မောင်ကို မချိန်းဆိုဘို့
ကျမတောင်းဆိုမိတယ်...ဒီလိုတောင်းဆိုမှုကြောင့် မောင့်က သူ့အပေါ် ယုံကြည်မှု
မရှိဘူးထင်ခဲ့တယ်လေ...။)

ဒီလိုနဲ့
ငါဟာ.....
နောက်ကျတဲ့ အရသာကို
ခါးသီးစွာ မြိုချရင်း..................
ဘ၀မှာ တစ်ကြိမ်လောက်တော့
သူမထက် ဦးချင်ပါသေးတယ်..............။
(ချစ်သူဖြစ်ပြီး ချိန်းထားတိုင်း နောက်ကျတတ်တဲ့ မောင်က ...မောင့်ကိုမောင် ၀န်ခံရေးထားပြီး
“ဂျစ်”ကိုပို့ပေးခဲ့တဲ့ ကဗျာလေးပါ ..။မောင်က သူဆုတောင်းခဲ့တဲ့ အတိုင်း ဒီတခါတော့
မောင်ဦးခဲ့ပါပြီလို့ ကဗျာလေးရဲ့ အောက်ဆုံးမှာရေးခဲ့ပါတယ် ။ ဘာလို့လဲဆိုတော မောင်က
“ဂျစ် ” ပြန်အလာကို ရက်ပေါင်း (၈၀၀)ကျော် စောင့်နေခဲ့သူပါ.............။)

ရက်ပေါင်း (၈၀၀) ကျော်ဆိုတာ မောင်အဲဒီကဗျာကို ရေးတဲ့အချိန်ပါ.. တကယ်တော့ ဂျစ်တို့ ပြန်တွေ့ဘို့
၆ နှစ်နီးနီး ဝေးခဲ့ရပါတယ်..ရက်နဲ့တွက်ရင် ရက်ပေါင်း ၁၈၀၀ တောင်ကျော်ပါသေးတယ်လေ...။

ဒီပို့စ်လေးတင်ဖြစ်တာ ကတော့ မောင်နဲ့ပက်သက်ရင် ကျမဟာ အကောင်းဆုံးတွေ ရခဲ့ဘူးသလို
အဆိုးဆုံးတွေ လည်းအကြိမ်ကြိမ် ရခဲ့ဘူးပါတယ်....မောင်နဲ့ပက်သက်ရင် အမှတ်တရတွေ အများကြီးရှိခဲ့တယ်..။
ခုချိန်တွေးမိရင်တောင် ရင်ထဲက ခံစားချက်တွေက လက်ဆတ်နေတုန်း ပါပဲ..............။

**ဘ၀မှာ ဖြစ်ချင်တာထက် ဖြင့်သင့်တာကို ဦးစားပေးမိခဲ့တဲ့ ကျမ ...အချစ်ကို ကိုးကွယ်တတ်တဲ့ “မောင်”.......

တို့တတွေ နှစ်ယောက်ကြားမှာ နားလည်မှုတွေ လွဲခဲ့ရတာ အကြိမ်ကြိမ်ပါပဲ.....လွဲဆို......ခုချိန်ထိပါပဲ...............။ **



9 comments:

အဖြူလေး said...

စ ကတဲက လွဲတာနဲ့ ၊ စောင့် ရတာနဲ့ စခဲ့ ကြရတော့ 
အခုလဲ ညီမလေး တို့ လွဲ ဘို့ စောင့် နေရပြီ မဟုတ်လားလို့ ။

Anonymous said...

ကဗျာဆန်ဆန် စကားပြောလေးကို နားလည်လွယ်အောင် ရှင်းပြထားခဲ့တော့ စာကြောင်းတိုင်းက ပြောပြချင်နေတဲ့ ချစ်သူ ၂ ယောက်ရဲ့ ဘဝကို အနီးကပ်ကြည့်နေရသလို မြင်သာစေတာပေါ့ .... ရက် ၈၀၀ ဆိုတာ အရမ်းများလွန်းပေမယ့် ချစ်ခြင်းနဲ့ ဖန်ဆင်းခဲ့ကြတဲ့ ခိုင်မြဲတဲ့ သံယောဇဉ်တွေကြားမှာ ဝေးကွာမှု နီးစပ်မှုဆိုတာ ပဓာန မဟုတ်ပါဘူးလေ ... တစ်နေ့နေ့မှာ ဆုံစည်းရမယ်ဆိုတဲ့ ခိုင်မြဲတဲ့ ယုံကြည်ချက်ကသာ အဓိကပါ ... ယုံကြည်မှုနဲ့ ဆက်လှမ်းလိုက်ပါ တစ်နေ့နေ့မှာ ချစ်သူ ၂ ဦး အတွက် လှပတဲ့ အနာဂတ်တွေ ကြိုဆိုနေကြပါလိမ့်မယ် ....
နေဒေးသစ်။

ကောင်းကင်ပြာ said...

အတူတူ ဘ၀တခုကို ထူထောင်မယ် ဆိုရင်တော့ ဒီနောက်ကျပီး စောင့်ခဲ့ ရတာတွေ မေ့ပျောက်သွား မှာပါလေ

မိုးစက်အိမ် said...

တခါတလေတော.လဲ လွဲတတ်ကြပါတယ်...
အကြိမ်ကြိမ် အလွဲလွဲလေးတွေကို တစ်ချိန်ကျရင်
တော. နှစ်သားပြန်ပြော ပြီး ပြုံးရီ မှာ မြင်
ယောင်မိပါသေးတယ်...ခင်မင်လျက်

Sein Lyan Tun said...

အချစ်စစ်တို့ မည်သည် ဘယ်တုန်းကမှ မဖြောင့်ဖြူး
မမြဲ အလွဲလွဲ အချော်ချော်ဖြစ်တတ်တယ်
အားတင်းထား

အချစ်စစ်များနဲ့ ပျော်ရွှင်ပါစေ
ချစ်တဲ့
ကိုကြီးဖိုးစိန်

သုဒြေ္န said...

ဘ၀တခုမှာလွဲခဲ့ ရတဲ့ အကြိမ်ကြိမ် ဘ၀တခှထဲမှာဘဲစောင့် ခဲ့ ရတဲ့ အခါပေါင်းများစွာ ရန်ဖြစ်ဘူးတာလဲမရေတွက်နိုင်အောင်ရှိခဲ့ တာလည်း ဒီဘ၀တခုထဲမှာပါဘဲ ပြန်ချစ်ဘူးတဲ့ အကြိမ်တွေ မနဲခဲ့ တာလဲဘ၀တခှထဲမှာပါဘဲ အဲဒီတခုတည်းသော ဘ၀ထဲမှာတကြိမ်တခါသာဆဒ္နပြုချင်တာကတော့  ဘ၀တခုလုံး{နောင်လာမဲ့ နေ့ ရက်များစွာ}တယောက်နဲ့ တယောက် ခုထက်ပိုတဲ့ များစွာသောချစ်ချင်းများနဲ့  ပျော်ရွှင်လက်တွဲစေချင်တဲ့ ဆဒ္နတခုဘဲပြုချင်ပါတယ် ခင်မင်မှုများစွာနဲ့  အကို သုဒြေ္န

စိတ်စမ်းရေ said...

ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေဦးစားပေး
ခဲ့သော ညီမလေးတယောက် ဖြစ်ချင်တာတွေ
အမြန်ဆုံးဖြစ်လာပါစေ...လို့....ဆုတောင်းပေးလိုက်
ပါတယ်...။

မချစ်ရ said...

စောင့်မျှော်ရတဲ့ဒုက္ခမှကင်းဝေးပါစေ
အမြန်ဆုံးတွေ့ဆုံချစ်ခင်နိုင်ပါစေနော်ဂျစ်

ချစ်တဲ့မောင် said...

ရက်ပေါင်း ၁၈၀၀ က အခိုက်အတန့်တခုပါ ချစ်သူရယ်
နောက်ထပ် တဘ၀ လုံးစာနေ့ရက်တွေက စောင့်ကြို နေပါသေးတယ်..။အံကိုခဲပြီး မျက်ရည်မ၀ဲ ချင်တော့ဘူး.