
ဂျစ်တူး ချစ်ခင် လေးစားရသော မောင်နှမများ “ချမ်းသာကိုယ်စိတ်မြဲပါစေ ”။
အခုရက်ပိုင်း ရုံးမှာ အလုပ်များလို့ ရေသောက်ဘို့ မေ့လျော့ နေခဲ့ပါတယ် ။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျောအောင့်နေတာနဲ့ ဆေးခန်းပြမယ်ဆိုပြီး အလုပ်က မန်နေဂျာဆီက
ခွင့်ယူချင်တယ်လို့ သွားပြောတော့ ...သူက ဂျစ်ကို တနေ့ရေ(၈)ခွက် သောက်နည်းကို
ပြောပြခဲ့တယ်...ဒါ့အပြင် ရေသောက်လို့ ရရှိနိုင်တဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးပါတဲ့ စာရွက်လေးကိုပါ
ဖတ်ဘို့ပေးခဲ့တယ်လေ ။
သူက ဂျစ်တူး ကျောအောင့်တာ ရေသောက်နည်းလို့ ကျောက်ကပ်မကောင်းတာလည်း
ဖြစ်နိုင် တယ်လို့ ပြောပါတယ် ။ ဆေးခန်းပြဘို့ဆို ခက်ပျင်းပျင်း ရှိတတ်တဲ့ ဂျစ်တူးလည်း
သူပေးတဲ့နည်း လမ်းလေး အတိုင်း ရေကိုတနေ့(၈)ခွက် ပုံမှန်သောက်ခဲ့ပါတယ် ။
နောက်တရက်လောက်ကြာတော့ ကျောပြင်အောင့် တာ သိသိသာသာ သက်သာသွားပါတယ် ။
ဒါနဲ့ပဲ ဂျစ်တူး ခင်တဲ့ မိတ်ဆွေတွေကို ကျန်းမာအဆင်ပြေချင်စိတ်နဲ့ “ တစ်နေ့တာ...ရေ(၈)ခွက် ”
အကြောင်း ဝေမျှဘို့ ဒီပို့စ်လေးရေးဖြစ် သွားရပါတယ် ။
ဘာကြောင့် တစ်နေ့တာ...ရေ(၈)ခွက် သောက်ဘို့ လိုအပ်သလဲ ဆိုရင်..
လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓါတ်က ၉၀% ကျော်ပါဝင်တယ် တဲ့။အသက်တွေ ကြီးလာလေ
ရေဓါတ် ဆုံးရှုံးမှု ပိုများပြီး ၊ ကလေးငယ်တွေ မှာတော့ ရေဓါတ်က (၁၀)ပုံပုံရင်
(၉)ပုံထက်မနည်း ရှိလို့ အသားအရေ စိုစိုပြေပြေ ဖြစ်နေတာလို့ ဆိုပါတယ် ။
ကျန်းမာရေး အတွက် ရေသောက်နည်း
အကောင်းဆုံး ရေသောက်သုံးတဲ့ နည်းလေးကတော့ .....ပျမ်းမျှအားဖြင့် (၂၀၀~၂၅၀ ml)
ရှိတဲ့ ရေတစ်ခွက်ကို တခါတည်းနဲ့အကုန် သောက်နိုင်ရင် အကောင်းဆုံးပါ ။ တဆက်ထဲ
မသောက်နိုင်ရင်တောင် (၅)မိနစ်အတွင်း ကုန်အောင်သောက်သင့် ပါတယ် ။ဒါမှခန္ဓာကိုယ်က
ရေဓါတ်ကို ပုံမှန်လက်ခံထားနိုင်မှာပါ ။ ရေငတ်မှ တငုံ ၊နှစ်ငုံ သောက်လိုက် မသောက်လိုက်
က ခန္ဓာကိုယ် ရေဓါတ်လက်ခံနိုင်စွမ်းအတွက် မထူးမခြားနား ဖြစ်မှာသေချာပါတယ် တဲ့လေ..။
ရွေးချယ် သောက်သုံးသင့်သည့် ရေ
ရေသန့်ကို သောက်သုံးသင့်သလို ၊ ရေကို ကျိုချက်သောက်သုံးပါ ။ နွေရာသီမှာ လူတွေ
အများစုက ရေခဲရေကို နှစ်နှစ်ခြိုက်ခြိုက် ရွေးချယ်သောက်သုံး ကြပါတယ် ။ တကယ်တော့
ရေခဲရေဟာ အစာအိမ် အလုပ်လုပ်ခြင်းကို အနှောက်အယှက် ဖြစ်စေပါတယ် ။ ရေကို
ရေကျက်အေး သို့မဟုတ် ရေနွေးနွေးလေး သောက်သုံးခြင်းအားဖြင့် ကျန်းမာရေးအတွက်
ကောင်းသလို အစာချေဖျတ်မှုအားလည်း ကောင်းစေပါတယ်၊ တနည်းအားဖြင့် အစာကြေလွယ်ကူ ပါတယ် ။
အစာ မစားမှီ ရေသောက်ခြင်း
ရေသောက်တာတော့ အချိန်မရွေး နေရာမရွေး သောက်သုံးလို့ ရပါတယ် ။ အများအားဖြင့်
ရေကိုငတ်မှ သောက်တတ်တဲ့ အကျင့်က မကောင်းတဲ့အကျင့်လေးပါ ။ ဖြစ်နိုင်ရင် ရေကိုအစာမစားမှီ
သောက်သုံးသင့်ပါတယ် .....ဒါမှအစာအိမ် လမ်းကြောင်းရှင်း သွားပြီး အစားအစာထဲမှာ ပါဝင်တဲ့
အဟာရကို တိုက်ရိုက် လက်ခံထားဘို့ လွယ်ကူပါလိမ့်မယ် ။
အလုပ်တက်နေသော သူများ ရေသောက်ဘို့ မေ့လျော့တတ်ခြင်း ၊ အလုပ်မှာအိမ်သာ ခဏခဏ
သွားရတာ အလုပ်ရှုတ်တယ် ထင်သူများဟာ ရေကိုများများ သောက်လေ့မရှိကြပါဘူး ။
အချိန်ကြာလာလျှင် ဆီးအောင့် ၊ ဆီးကျင်ခြင်း ၊ ခါးနာခါးအောင့် ၊ကျောက်ကပ်မှာ ကျောက်တည်ခြင်းများ
ဖြစ်တတ်ပါတယ် ............။ နောက်ဆုံး ကျောက်ကပ်လုံးဝ မကောင်းလို့ ကျောက်ကပ်အစားထိုးရတဲ့
အဆင့်အထိ ရောက်တတ်ပါတယ် ။
ရေကို တနေ့တာ (၂၀၀၀ ml) သောက်ခြင်း အားဖြင့် ၊ ခန္ဓာကိုယ်မှ မသန့်ရှင်းတဲ့ အညစ်အကြေးများ
ဆီးသွားသည့် အခါပါသွားတတ်ပါတယ် ။ အသားအရေလဲ စိုစိုပြေပြေ ဖြစ်နိုင်သလို ၊ အပိန်ကျင့်နေတဲ့
မမလေးတွေအဖို့ မလိုအပ်တဲ့ အဆီ(脂肪)များ ဆီးနှင့်အတူ ရောပါသွား တတ်ပါတယ်။ ဒါကြောင့်
ကျန်းမာရေး အတွက် ရေကို နေ့စဉ်ပုံမှန် သူ့အချိန်လေးနဲ့ သူ သောက်သုံးသင့် ပါတယ် ။
ရေသောက်သင့်သည့် အချိန်
တစ်နေ့တာ အတွက် ရေ(၈)ခွက်သောက်ဘို့ဆိုတာ တကယ်တော့ တော်တော်ခက်ခဲ ပါတယ်။
ကျန်းမာရေးအတွက် ဆိုတော့ စိတ်ပါလက်ပါ လိုက်နာသောက်သုံး သင့်တယ်လို့ ယူဆမိလို့
ကြိုးစားလိုက်နာ ကြပါလို့ အကြံပေးချင်တာပါ။
နံနက်စောစော အိပ်ရာထထခြင်း အချိန် မှာ ရေ ၂ ခွက် သောက်သင့်ပါတယ်တဲ့...
(ဒီအချိန်က ရေသောက်ဘို့ ပိုအရေးကြီးပါတယ်.....မနက်စောစော အပေါ့သွားတဲ့အခါ
ခန္ဓာကိုယ်မှ အညစ်အကြေးတွေ ဆီးနှင့်အတူ ပါသွားနိုင်လို့ပါ ၊နောက်တစ်ခုက ၀မ်းမချုပ်
စေပါဘူး ။)
မနက်(၁၀း၃၀) : ၁ ခွက်
နေ့လည်ထမင်း မစားခင်အချိန် : ၁ ခွက်
ညနေ(၃း၀၀) : ၁ ခွက်
ညနေ(၅း၀၀) : ၁ ခွက်
ညစာထမင်း မစားခင်အချိန် : ၁ ခွက်
ညအိပ်ရာ မ၀င်ခင် (၁)နာရီ အလို : ၁ ခွက်
(ရေတစ်ခွက်ကို ၂၀၀ ~၂၅၀ml )စံထားပြီးသောက်သုံးပါ ။
ဂျစ်တူး သိသလောက် မှတ်မိသလောက် ကြိုးစားပြီး ဘာသာပြန်ထားပြီး ရေးထားတာပါ ။
အကြောင်းအချက်အလက် လိုအပ်တာတွေ မချောမွေ့တာရှိခဲ့ရင် နားလည်ပေးပါလို့
မေတ္တာရပ်ခံပါတယ် ....။ရေသောက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ကြားဘူးသလို
ရေကိုလိုအပ်တာထက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ရေအဆိပ်တတ်ပြီး အသက်ပါ
ပျောက်ရတဲ့ သတင်းတွေ တွေ့ဖူးပါတယ် ။ဒီပို့စ်လေးက မောင်နှမများ အတွက်အနည်းငယ်ပဲ ဖြစ်ဖြစ်
အကျိုးရှိမယ် ထင်မိလို့ ဘာသာပြန် တင်ပေးလိုက်ရတာပါ ။အသားအရေ လှချင်တဲ့မမများ ၊ ကျန်းမာရေး
လိုက်စားတတ်တဲ့ အကို၊မောင်တွ ၊ အမများ၊ ညီမများ တစ်နေ့တာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေကို
မမေ့မလျော့ သောက်သုံးကြပါလို့ တိုက်တွန်း ချင်ပါတယ် .......။
ဂျစ်တူး ချစ်ခင်လေးစားရသော မောင်နှမများ ကျန်းမာပျော်ရွှင်နိုင်ကြပါစေဗျာ..................။
လေးစားစွာဖြင့်
ဂျစ်